ကိုဗစ်ရဲ့မူလဇာစ်မြစ်ဆိုင်ရာ အရေးပါတဲ့အချက်အလက်တွေကို တရုတ်ကထိန်းထားဆဲဟု အမေရိကန်သမ္မတ ဘိုင်ဒင်ပြော
တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ မူလဇာစ်မြစ်နဲ့ ပတ်သက်လို့ အရေးပါတဲ့ အချက်အလက်တွေကို ချမပြဘဲ ဆက်ထိန်းထားဆဲဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဇီဝလက်နက် တစ်ခုဖြစ်တယ်လို့ မယုံကြည်ပေမယ့် ဓါတ်ခွဲ ခန်းကနေ လွတ်ထွက်လာ သလားဆိုတာကိုတော့ အမြင်ကွဲပြားမှုတွေ ရှိနေသေးကြောင်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက အစီရင်ခံခဲ့အပြီးမှာ ဘိုင်ဒင်ရဲ့ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
သို့ပေမယ့် အစောပိုင်း ရောဂါကူးစက်ဖြစ်ပွားမှုတွေ မပေါ်ပေါက်မီ ကတည်းက ဒီဗိုင်းရပ်စ် (လက်ရှိအထိ ကမ္ဘာ တစ်ဝန်း သေဆုံးသူ ၄.၅ သန်းခန့်ရှိထား ) အကြောင်းကို တရုတ်အရာရှိတွေ ကြိုတင်သိရှိထားခဲ့ပြီး ဖြစ်တယ်လို့တော့ အမေရိကန်ပြည်ထောင်စုက မယုံကြည်ကြောင်း စိတ်ဝင်တစား စောင့်မျှော်နေရတဲ့ ထောက်လှမ်းရေး အစီရင်ခံစာ အနှစ်ချုပ်က ဖော်ပြခဲ့ပါတယ်။
ဒီကပ်ရောဂါရဲ့ ဇာစ်မြစ်နဲ့ ပတ်သက်တဲ့ အရေးပါတဲ့ သတင်းအချက်အလက်တွေ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ (PRC) မှာ ရှိနေခဲ့ကြောင်း သို့ပေမယ့် တရုတ်အစိုးရ အရာရှိတွေဟာ ဒီအချက် အလက်တွေကို နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အသိုင်းအဝိုင်းက အဖွဲ့ဝင်တွေ ရရှိမသွားအောင် အစပိုင်းမှာကတည်းက တားဆီးခဲ့ကြတာဖြစ်ကြောင်း ဘိုင်ဒင်က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။
ဒီကပ်ရောဂါကြောင့် သေဆုံးမှုတွေ ဆက်မြင့်နေဆဲဖြစ်တာတောင် ပွင့်လင်းမြင်သာဖို့၊ သတင်း အချက် အလက်တွေ ပေးဖို့ တောင်းဆိုနေတာကို PRC က ဒီနေ့အထိ ငြင်းဆန်နေဆဲဖြစ်တယ်လို့လည်း ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်နက်တစ်ခုအဖြစ် ဖန်တီးခဲ့ခြင်းဆိုတာကို အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ငြင်းဆန်ခဲ့ပြီး မျိုးဗီဇဆိုင်ရာ ဖန်တီးမှုမဖြစ်နိုင်ဘူးဆိုတာကိုတော့ အေဂျင်စီအများစုက ယုံကြည်မှုနည်းစွာနဲ့ အကဲဖြတ်ခဲ့ကြပါတယ်။
သို့ပေမယ့် ထောက်လှမ်းရေး အသိုင်းအဝိုင်းဟာ ကူးစက်ရောဂါရဲ့ မူလဇာစ်မြစ်အပေါ် ကွဲပြားမှုတွေ ရှိနေဆဲဖြစ်ပြီး အေဂျင်စီလေးခုနဲ့ အမျိုးသားထောက်လှမ်း ရေးကောင်စီတို့ကတိရစ္ဆာန်တွေကနေ သဘာဝအတိုင်းပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်လို့ ထောက်ခံချက်ပေးခဲ့ပြီး အေဂျင်စီတစ်ခုကတော့ဓါတ်ခွဲခန်းကနေ လွတ်ထွက်လာတယ်ဆိုတဲ့ သီအိုရီကို လက်ကိုင် ထားခဲ့ပါတယ်။နောက်ထပ် အေဂျင်စီ သုံးခုရဲ့ လေ့လာစ မ်းစစ်မှုကတော့ အဆုံးသတ်ကောက်ချက်ချနိုင်ခြင်း မရှိသေးဘူးလို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။ CNA
Be the first to comment