ငပလီကမ်းခြေတွင် ခရစ္စမတ်ကာလအတွက် ကြိုတင်ဘိုကင်များ ပြည့်နေ

ငပလီကမ်းခြေတွင် ခရစ္စမတ်ကာလအတွက် ကြိုတင်ဘိုကင်များ ပြည့်နေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ ဟိုတယ်အချို့ ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလ အတွက် ကြိုတင်ဘိုကင်များ ပြည့်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာန(သံတွဲ) မှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။

” စုံစမ်းတဲ့သတင်းတွေအရ ဟိုတယ်တွေ တော်တော်များများ ဧည့်သည်တွေပြည့်နေတယ်လို့ သိရပါတယ်။ ဘိုကင်ပြည့်တယ်လို့တောင် သိရပါတယ်။ ခရီးသွားလာမှုက ဒီနှစ်မှ ပြန်ပြီးလည်ပတ်ခွင့်ရတာဖြစ်တယ်။ ကိုဗစ်ကာလထဲမှာမှ စည်းကမ်းချက်တွေနဲ့ ပြန်လည် လည်ပတ်ကြတာပေါ့။ သံတွဲမှာတော့ ငပလီကမ်းခြေ၊ သံတွဲဈေးတို့၊ ဘုရားတို့အပြင် မြပတ္တမြားဥယျာဉ်ဆိုပြီးတော့ လည်ပတ်မှုတစ်ခု ထပ်လုပ်ထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။

“ခရစ္စမတ်အတွက်ရော၊ နှစ်သစ်ကူးကာလအတွက်ပါ ကြိုတင်ဘိုကင်များ ယူထားကြတဲ့သူတွေ ရှိတယ်။ တချို့ကျတော့လည်း ပြန်ပြီးတော့ Cancel လုပ်သွားကြတယ်။ လက်ရှိမှာ ငပလီကမ်းခြေကို ဧည့် သည်လာတဲ့သူ နည်းတယ်။ တန်ဆောင်တိုင်ပွဲတော်ရက်အပြီး လာတဲ့သူ နည်းသွားတယ်” ဟု ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ငပလီကမ်းခြေသို့ သီတင်းကျွတ်လပြည့်နေ့ နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်ဒေသခံများ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် ဒေသများမှ လာရောက်လည်ပတ်သူများခဲ့ပြီး တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလတွင် အများဆုံးလာရောက် လည်ပတ်ကြောင်း သိရသည်။

ငပလီကမ်းခြေသို့ နိုဝင်ဘာလတွင် လေကြောင်းဖြင့် လာရောက်လည်ပတ်သူဦးရေ ၅၄၃၃ ဦးနှင့် အိမ်စီးကားများ၊ ခရီးသွားကားများဖြင့် လာရောက်လည်ပတ်သူ ပျမ်းမျှဦးရေ ၃၅၀၀ ကျော်ရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် နေထိုင်သည့် နိုင်ငံခြားသား လာရောက်လည်ပတ်သူ ၁၂၆ ဦးရှိကြောင်း သိရသည်။

ငပလီကမ်းခြေတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာပေါင်း ၆၅လုံးရှိပြီး ကိုဗစ်(၁၉ ) ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ဟိုတယ်၊ တည်းခိုရိပ်သာ ၃၉ လုံး ပြန်လည်ဖွင့်လှစ်ခွင့် ရထားကြောင်း သိရသည်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*