ထိုင်းမှာ၂ရက်အတွင်း တစ်နေရာထဲ သင်္ဘောနှစ်စင်း ဘာ့ကြောင့်နစ်မြုပ်ခဲ့သလဲဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ဒဏ္ဍာရီဇာတ်လမ်း

ထိုင်းမှာ ၂ ရက်အတွင်း တစ်နေရာထဲ သင်္ဘောနှစ်စင်း ဘာ့ကြောင့်နစ်မြုပ်ခဲ့သလဲဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ဒဏ္ဍာရီဇာတ်လမ်း

ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ညနေပိုင်းက ထိုင်းနိုင်ငံ အယုဒ္ဒယမြို့ဟောင်းကိုဖြတ်သန်းစီးဆင်းလာတဲ့ ပါဆတ် မြစ်နဲ့ ကျောက်ဖရားမြစ်နှစ်ခုတို့ပေါင်းဆုံကြတဲ့ Y ပုံသဏ္ဍန်သုံးမြှောင့်တြိဂံနေရာတွင်ဖယ်ရီသင်္ဘောငယ်တစ်စင်းနစ်မြုပ်ခဲ့သလို

ပြီးခဲ့စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ထိုနေရာမှာဘဲ ကုန်တင်သင်္ဘောကိုဆွဲတဲ့သင်္ဘောငယ်တစ်စင်းရေစီးနဲ့မျောပါပြီးနစ်မြုပ်မှုဖြစ်ခဲ့လို့ လူနှစ်ဦးသေဆုံးပြီး သင်္ဘောကိုတော့ယနေ့မှာဆယ်ယူပြီးလို့မှမကြာသေဘူး ထပ်မံနစ်မြုပ်ခဲ့ပြန်တော့လူအတော်များများဒီနေရာမှာဘာတွေရှိနိုင်သလဲဆိုတဲ့ အတွေးကဝင်လာကြပါတယ် ။

သိပ္ပံနည်းအရပြောရရင်တော့ “ ပါဆတ် “ မြစ်နဲ့ကျောက်ဖရားမြစ်နှစ်ခုတို့အရှိန်ပြင်းပြင်းနဲ့စီးဆင်းလာပြီး ထိုနေရာတွင်လာရောက်ဆုံတဲ့အတွက်ကြောင့်ရေကြောင်းဟာ မွှေ့ဝင်လာတာမို့ ရေအောက်မှာ ဂလိုင်ချိုင့်ခွက်ကြီးဖြစ်ပေါ်ပြီး စုပ်ဝဲရှိနေပါတယ် ၊ ရှေးရှေးကတည်းက သင်္ဘောများခဏခဏနစ်မြုပ်လေ့ရှိပါတယ် ၊

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၃၁ ရင်နေ့ကလည်း အင်ဒိုနီးရှားကိုတင်ပို့မယ့်သကြားနှစ်တန်ခွဲတင်ဆောင်လာတဲ့ကုန်တင်သင်္ဘောကြီးတစ်စင်းဟာ ထိုနေရာသို့ဖြတ်သန်းစုန်ဆင်းလာစဉ် ရုတ်တရက်နစ်မြုပ်ခဲ့တဲ့အတွက်လူ ၁ ဦးသေဆုံးခဲ့ပါသည် ၊

အလားတူ ၂၀၁၆ ခုနှစ်ကလည်း နှစ်ထပ်သင်္ဘောနဲ့အစ္စလာမ်ဘာသာဝင်တွေ အလှူလုပ်ပြီးပြန်အလာ အဲ့ဒီနေရာမှာဘဲအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်နစ်မြုပ်ခဲ့တာကြောင့် လူ ၂၈ ဦးသေဆုံးခဲ့ပါတယ် ၊ ထိုနေရာတွင် ၂၀၁၈ ခုနှစ်အထိ ၈ နှစ် အတွင်း ၁၃ ကြိမ်နစ်မြုပ်ခဲ့သည် ။

ပါဆတ်( Pa Sak ) မြစ်လက်တက်ဟာ အလျား၅၁၃ ကီလိုမီ တာရှည်လျှားပြီး အလယ်မြောက်ပိုင်းရှိ Phetchaboon ခရိုင် တောင်တန်းများကနေမြစ်ဖျားခံလာပြီးအယုဒ္ဒမြို့တော်ကိုစီးဝင်လာခြင်းဖြစ်ပါတယ် ၊

ကျောက်ဖရားမြစ်( Chao Phraya River ) မြစ်လက်တက်ဟာ အလျား ၃၇၂ ကီလို မီတာရှည်လျားပြီး ထိုင်းမြောက်ပိုင်းမှ အဓိကမြစ်နှစ်စင်းဖြစ်တဲ့ Pin River နဲ့ Nan River တို့မြစ်နှစ်ခုဟာ နခွန်စဝမ်မြို့တွင် လာရောက်ဆုံကာ ကျောက်ဖရားမြစ်အဖြစ် အယုဒ္ဒယမြို့ ကိုစီးဝင်လာခြင်းဖြစ်ပါတယ် ။

ကမ္ဘာ့အမွေအနှစ်များပိုင်ဆိုင်ထားတဲ့ အယုဒ္ဒယမြို့ဟောင်းကို စုစုပေါင်းမြစ်လက်တက် ၄ စင်းဖြစ်တဲ့ ကျောက်ဖရားမြစ် ၊ ပါဆတ်မြစ် ၊ လုဖ်ဘူရီမြစ် ၊ နွိုင့်မြစ် ( မြစ်ငယ် ) တို့လာရောက်ဆုံကာစီးဆင်းပြီး ကျောက်ဖရားမြစ်ကြီးအဖြစ်ပြောင်းလဲကာ ဘန်ကောက်မြို့ကိုဖြတ်သန်းစီးသွားပါတယ် ။

ဒါ့ကြောင့်အယုဒ္ဒယမြို့တော်ဟာ သဘာဝအတား အဆီးများဖြစ်တဲ့ ရေပတ်လည် ဝိုင်းရံထားတဲ့ ကျုံးရေအရှင်ကြီးကို ပိုင်ဆိုင် ထာတာမို့ စီးပွါးရေး ၊ နိုင်ငံရေး၊ စစ်ရေးဗျူဟာအရ ဘယ်ရန်သူမှလာမတိုက်နိုင်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ ဟိုး ရှေးရှေးကတည်းက မင်းဆက်ပေါင်း ၃၃ ဆက် ၊

နှစ်ပေါင်း ၄၁၇ နှစ်တိတိ ( ၁၃၅၀-၁၇၆၇ခုနှစ်ထိ ) အုပ်စိုးစံခဲ့တဲ့မင်းနေပြည်တော်အဖြစ်ရွေးချယ်ခဲ့ကြတာပါ ၊ နောက်ဆုံးတော့လည်း အယုဒ္ဒယဟာ မြန်မာလက်အောက်သို့ စစ်ရှုံးခဲ့ကြရသည်။ ဒါကတော့ကြုံတုန်း ဗဟုသုတအဖြစ် ဖြည့်စွက်ရေးပြတာပါ ။

ထူးထူးခြားခြားဆန်းကြယ်တဲ့ မြစ်အကြောင်းဆက်ရရင် ထိုအနီးကရပ်ကွက်အမည်ကလည်း “ သင်္ဘောမြုပ် “ ရပ်ကွက်လို့ ယနေ့တိုင်အမည်တွင်နေတာကြောင့်နာမည်စီးနေတာလို့လည်း ယုံကြည်နေကြပါတယ် ၊ အယုဒ္ဒယမြို့မတည်ခင် လွန်ခဲ့တဲ့နှစ်ပေါင်း ၈၆၀ ခန့်က ပါးစပ်ရာဇဝင်အရရော စွယ်စုံကျမ်းစာအရဆိုရင်တော့ တရုတ်မင်းကသူ၏မွေးစား သမီးတော် “ Phara Nan Soi Dok Mak “ နဲ့

ရာဇဌာနီ အယုဒ္ဒရဲ့ မင်းဧကရာဇ် “ Phra Chao Sai Nam Phueng “ တို့ကို ထိမ်းမြားလက်ဆက်စေ လိုတဲ့အတွက် အပ်နှင်းလိုက်တာကြောင့် အယုဒ္ဒယဘုရင်ဟာ ရေကြောင်းလမ်း ခရီးကနေအတူခ ရီးနှင်လာတဲ့ကြင်ယာတော်လောင်းရဲ့ လှေတော်ကို “ စယမ် “ Siam နိုင်ငံကိုပြန်ရောက်ချိန် ယခုသင်္ဘောနစ်မြုပ်မှု မကြာခဏဖြစ်လေ့ရှိတဲ့ မြစ်ကြောင်းဆုံနေရာမှာ ရပ်တန့် စောင့်ဆိုင်းစေခဲ့တယ်လို့ ဆိုပါတယ် ။

“ ဖရကျောက်ဆိုင်းနမ့်ဖွမ့်င် “ ဘုရင်ဟာ ကြင်ယာတော်လောင်း မင်းသမီးကိုနန်းတော်၌ ဘိသိက်မြှောက် အခမ်းအနားနဲ့ ကြိုဆိုဘို့အတွက် သူကိုယ်တိုင် ဦးစွာဘိသိက် တင်မြှောက်ခံယူပြီးမှ မင်းသမီးကိုပင့်ဆောင်ရန် လာရောက်ကြိုဆိုဘို့ ပြင်ဆင်စရာတွေ ပြင်ဆင်ရမှာဖြစ်တဲ့အတွက် မင်းသမီးအား ဤလှေဆိပ်မှာဘဲ စောင့်ဆိုင်းတော်မူနေရန် မှာကြားခဲ့ပါတယ် ။

မင်းမှုထမ်းတွေက လှေဆိပ်မှဘုရင်ကို ဘိသိက်အခမ်းအနားနဲ့ ကြိုဆိုပင့်ဆောင်သွားစဉ် မင်းသမီးဟာသူ့ကို လှေတော်ပေါ်ကနေ မဆင်းခိုင်းဘဲ ထားရစ်ခဲ့တယ်ဆိုတဲ့ နားလည်မှုလွဲကာ အားငယ်စိတ်နဲ့ ရက်အနည်းငယ်မှာ သေဆုံးသွားခဲ့ပါတယ် ၊ ဘုရင်လည်း သတင်းကြားကြားချင်း စိတ်ထိခိုက်ပြီး ကောင်းမွန်စွာသဂြိုလ်ပေးခဲ့ပြီးနောက် မင်းသမီးရဲ့ ရွက်လှေကြီးကို နစ်မြုပ်ပစ် လိုက်ပါတယ် ၊ အဲ့ဒီကမ်းစပ်မှာဘဲ မင်းသမီးအတွက် ဘုန်းကြီးကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ပါတယ် ၊

ထိုနေရာကို “ မင်းသမီးပင့်ဆောင် “  ဆိပ်ကမ်းလို့ အမည်တွင်ခဲ့ပါတယ် ၊ ဘုန်းကြီးကျောင်း၏ အမည်ကိုလည်း “ ဝပ်ဖရနန်းချိန်း “ လို့အမည်တွင်ရာကနေခေတ် ကာလရွေ့ လျားတာနဲ့ အမျှ “ ဝပ်ဖနန်းချိန်း “ လို့ပြောင်းလဲလာပါတယ် ၊ အဓိပ္ပာယ်ကတော့ အတူတူဖြစ်သည် ၊ ပိုပြီး ထူးခြားတာက ရပ်ကွက်အုပ်စု အမည်ကလည်း “ ရွက်လှေမြုပ် “ ဟု အမည်ပေးထားတဲ့ အတွက် စကားနောက်တရားပါ လေသလားလို့ ပြောရမလိုပါဘဲ ။ ဒါ ကတော့ ဒဏ္ဍာရီ အတိုချုံးဘဲဖြစ်ပါတယ် ။

ခေတ်အဆက်ဆက် ဒေသခံတွေအနေနဲ့ရေကြောင်းခရီးကိုအားကိုးအားထားပြုကြတဲ့အခါ လှေသမား ၊ သင်္ဘောပဲ့ကိုင်များဟာ အယုဒ္ဒယ ကျွန်းမြို့ဆိုတဲ့ ဤနေရာကိုမဖြစ် မနေဖြတ်ကြတော့မယ်ဆိုရင် ရှေးထုံးတမ်းအစဉ်အလာအရ မယ်တော် “ ဖရနန်းချိန်း “ ကိုအမွှေးတိုင် ဖယောင်းတိုင်များထွန်းညှိပြီး လှေဦးထပ်တွင်ပိတ်ဖြူ ပိတ်နီများချည်နှောင်ကာ ရေလမ်းခရီးတစ်လျှောက် အန္တရာယ်ကင်းစေရေးအတွက် ယုံကြည်မှုအရ ပူဇော်ပသကြတယ် လို့ဆိုကြပါတယ်။ကိုယ်တွေဆီမှာလို ရေငန်တစ်ရိုးကို အပိုင်စိုးတဲ့ ရေငန်ပိုင်ဦးရှင်ကြီးနတ်ကို ပူဇော်ကြသလိုပါဘဲ ။

အဲ့ဒီသုံးမြှောင့်သဏ္ဍန် တြိဂံပုံစံဆုံတဲ့ မြစ်ကြောင်းနေရာဟာ ယခုလို မိုးရာသီသို့မဟုတ် အထက်ဘက်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေ ကြုံတွေ့လာပြီ ဆိုရင်တော့ အယုဒ္ဒယမြို့ဟောင်း တစ်ဝိုက်မြစ်ရေဟာ ပိုပြီးရေစီးသန်လာတဲ့ အတွက်သင်္ဘောပဲ့ထိန်းများအတွက် သတိကြီးကြီးထားရတဲ့ ကာလဖြစ်ပါတယ်။Source ; SiThuMaung

Add a Comment

Your email address will not be published. Required fields are marked *