ထူးခြားတဲ့စိတ်ကူးနဲ့ အိမ်ရှေ့မြက်ခင်းပြင်အောက်မှာ လျို့ဝှက်အရက်ဘားတစ်ခု တည်ဆောက်ခဲ့တဲ့ အမျိုးသား
အင်္ဂလန်နိုင်ငံ၊ အနောက် ယော့ခ်ရှိုင်းယားမှာ နေထိုင်တဲ့ ဂျော်ဒီ ဝိန်းရိုက် ဆိုသူ အမျိုးသားဟာ သူ့ရဲ့နေအိမ် မြက်ခင်းအောက်မှာ လျို့ဝှက် အရက်ဘားတစ်ခုကို ပေါင်၂၆၀၀၀ လောက် အကုန်ခံပြီး တည်ဆောက်ခဲ့ပါတယ်။
အသက် (၄၁)နှစ်အရွယ် အမျိုးသားဟာ သူတို့နေထိုင်တဲ့ နေအိမ်ကို အသစ်ဆောက်လုပ်ခဲ့ပြီး ပိုလျံတဲ့ အိမ်ဆောက်ပစ္စည်းတွေနဲ့ ဒီ အရက်ဘားကို ဖန်တီးခဲ့တာပါ။
ဂျော်ဒီ က သူ့အနေနဲ့ နေရာအသုံးပြုမှုလည်း သက်သာအောင်၊ ဆန်းသစ်မှုလည်းဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုဖန်တီးမှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ “လူအများစုက သူတို့ရဲ့ဥယျာဉ်ထဲမှာ အရက်ဘားတွေ ဆောက်လုပ်ကြတတ်ပေမယ့် ကျွန်တော်ကတော့ သူတို့နဲ့ ကွဲပြားအောင် လုပ်ချင်တယ်” လို့ ဂျော်ဒီက ပြောပါတယ်။
ဂျော်ဒီဟာ ဇနီးသည်၊ကလေးနှစ်ယောက်နဲ့အတူ ဒီအိမ်မှာ နေထိုင်သူပါ။ သူဆောက်ထားတဲ့ အရက်ဘားထဲမှာ ထိုင်ခုံအနည်းငယ်၊ မိသားစုထိုင်လို့ရတဲ့ ဆိုဖာတွေနဲ့ တီဗီအကြီးကြီး တစ်လုံးရှိပြီး အရက်သောက်ရင်းတစ်ခုခုကြည့်ဖို့၊ ဒါမှမဟုတ်ရင် ဂိမ်းဆော့ဖို့အတွက် ရည်ရွယ်ကာ သူကဖန်တီးခဲ့တာပါ။
“ ပထမတော့ အိမ်ဆောက်တဲ့သူကို မြေအောက်ဘားတစ်ခု လုပ်ချင်တယ်လို့ ပြောတဲ့အခါ သူကကျွန်တော် ဟာသလုပ်နေတယ်လို့ပဲ ထင်နေတယ်၊ နောက်တစ်ပတ်အကြာမှာတော့ အကုန်လုံးစတင်ပြီး မြေကြီးတွေ တူးကြတော့တာပဲ” လို့ ဂျော်ဒီက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဂျော်ဒီရဲ့ မြေအောက် အရက်ဘားဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးလို့နေပါပြီ။ ရုပ်သံအစီအစဉ်အချို့မှာတောင် ဂျော်ဒီ ကပါဝင်နေရပြီး သူ့ရဲ့မြေအောက်ဘားနဲ့ ပတ်သက်လို့ ဘယ်လိုတွေ ကြိုးစားခဲ့ရတယ်ဆိုတာကို ရှင်းပြနေရတာ တွေ့မြင်နေရပါပြီ ။ Ref ; Dailymail
Be the first to comment