နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ခရီးသွားများကို ကွာရန်တင်းဝင်စရာမလိုဘဲ လာရောက်လည်ပတ်ခွင့်ပြုမည်ဟု ထိုင်း ကြေညာ

နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ခရီးသွားများကို ကွာရန်တင်းဝင်စရာမလိုဘဲ လာရောက်လည်ပတ်ခွင့်ပြုမည်ဟု ထိုင်း ကြေညာ

ကိုဗစ်ဖြစ်ပွားမှုအခြေအနေ နိမ့်ပါးပြီး ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးထားတဲ့ နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ခရီးသွားတွေကို ကွာရန်တင်း ဝင်စရာမလိုဘဲ နိုဝင်ဘာ ၁ ရက်မှစကာ ထိုင်းနိုင်ငံတွင်း လည်ပတ်ခွင့်ပြုသွားမှာဖြစ်တယ်လို့ ကြေညာပါတယ်။ ၎င်းတို့ဟာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးချက် negative ဖြစ်ရမှာဖြစ်ပြီး လေကြောင်းခရီးနဲ့ လာရောက်သူတွေဖြစ်ရမယ်လို့ ဆိုပါတယ်။

အဆိုပါ ကြေညာချက်ကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကြာသပတေးနေ့မှာ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ “အရာအားလုံး ပြည့်စုံရေး ပထမဦးစားပေးထား စောင့်နေမယ်ဆိုရင် မိမိတို့ အရမ်းနောက်ကျသွားနိုင်တာကြောင့် အခုပဲ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်နေပြီ”လို့ ပရာယွတ်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ခရီးသွားတွေအနေနဲ့ ထိုင်းနိုင်ငံအစား အခြားနိုင်ငံတွေကို ခရီးထွက်ဖို့ ရွေးချယ် ဆုံးဖြတ်သွားနိုင်တယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ကနဦးက စင်ကာပူ၊ တရုတ်၊ အမေရိကန် အပါအဝင် ရောဂါဖြစ်ပွားမှု နိမ့်တဲ့ နိုင်ငံ ၁၀ နိုင်ငံခန့်မှ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးတဲ့ ခရီးသွားတွေကိုသာ ကွာရန်တင်းမဲ့ ဝင်ရောက်ခွင့်ပြုဖို့ စီစဉ်ထားခဲ့တာပါ။ ဒီခရီးသွားတွေအနေနဲ့ လေယာဉ်ပေါ် မတက်ခင်နဲ့ လေယာဉ်ဆိုက်ရောက်ချိန် ဆေးစစ်ချက်တွေမှာ negative ဖြစ်ရမှာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် သာနီ သောင်ဖတ်ခ်ဒီက ထုတ်ပြန်လိုက်တဲ့ နိုင်ငံများစာရင်းမှာ နိုင်ငံ ၄၅ နိုင်ငံနဲ့ ဟောင်ကောင်ဒေသတို့ ပါဝင်ခဲ့ပါတယ်။နိုင်ငံများစွာက နိုင်ငံတကာ ခရီးသွားတွေကို ပြန်ဝင်ရောက်ခွင့်ပြုဖို့အတွက် နယ်စပ်တွေကို ပြန်စဖွင့်ပေးကာ၊ ကန့်သတ်မှုအစီအမံတွေကို ဖြေလျှော့ပေးတော့မယ်လို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်လာတာကြောင့် အခုလို အစီအစဉ်ကို ပြောင်းလဲခဲ့ရခြင်းဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုပါတယ်။

ပြင်ဆင်မှုတွေကို အရှိန်မြှင့်ဖို့ မိမိတို့ လိုအပ်ပြီး ကာကွယ်ဆေး ထိုးနှံမှုကို ဒီထက်ပို အရှိန်မြှင့်လုပ်ဆောင်ဖို့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနကို မိမိ တိုက်တွန်းခဲ့တယ်လို့ ပရာယွတ်က ပြောဆိုခဲ့ပါတယ်။ဒီဆုံးဖြတ်အရ ကူးစက်မှုတွေ မြင့်တက်လာနိုင်တဲ့ စိန်ခေါ်ချက်ရှိတာကို ဝန်ခံကြောင်း သို့ပေမယ့် ဒါကမိမိတို့ လက်ခံရမယ့် စိန်ခေါ်ချက်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုသွားခဲ့ပါတယ်။crd

Be the first to comment

Leave a comment

Your email address will not be published.


*