မီးရထား လက်မှတ်သိမ်းချုပ် ရာထူးမှသည် လမ်းဘေးဈေးရောင်းကာ CDM ကို ကြံ့ကြံ့ခံနေသူ

မီးရထား လက်မှတ်သိမ်းချုပ် ရာထူးမှသည် လမ်းဘေးဈေးရောင်းကာ CDM ကို ကြံ့ကြံ့ခံနေသူ

စစ်ကောင်စီက ပြည်သူလူထု၏ ဆိုင်ကယ်စီးနင်းမှုပုံစံများ တင်းကျပ်မှုနှင့်အတူ ဆိုင်ကယ်စီးသူများစစ်ဆေးမှုများလာခြင်းက ကိုဝင်းထွဋ် ဈေးရောင်းကာ မိသားစု ထမင်းအိုးဖြည့်တင်းနေခြင်းကို ထိခိုက်လာတော့သည်။

ဆိုင်ကယ်စီးလျှင် အမျိုးသား နှစ်ယောက်တွဲ မစီးရန်၊ အမျိုးသမီး၏ အနောက်တွင် အမျိုးသား လိုက်ပါ စီးနင်းခြင်း မပြုရန်နှင့် မလိုက်နာလျင် တည်ဆဲ ဥပဒေဖြင့် အရေးယူမည်ဟု မန္တလေးမြို့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် မြေပြင်မှာတော့ ဆိုင်ကယ်များ လိုင်စင်စစ်ခြင်း၊ ယာဉ်မောင်းလိုင်စင်စစ်ခြင်း၊ ဘက်မှန်တပ်ဆင်ထားမှုစစ်ဆေးခြင်းတို့ပါ စစ်ကောင်စီလက်နက်ကိုင်များက လုပ်လာကြတော့သည်။

သူတို့ပြောသလို မပြည်စုံသည်နှင့် ဒဏ်ငွေ ၃၀,၀၀၀ ကျပ်ရိုက်တော့သည်။ ကိုဝင်းထွဋ်အနေဖြင့် လိုင်စင်ရှိသောဆိုင်ကယ်မဝယ်နိုင်ရာက ဈေးထွက်၍မဖြစ်တော့သည့်အခြေအနေကို ဆိုက်တော့သည်။

အာဏာသိမ်းကာ ရွေးကောက်ခံအရပ်သားအစိုးရကို ထောင်တွင်းအကျဉ်းချလိုက်ပြီးနောက် မန္တလေးဘူတာကြီးတွင် တာဝန်ထမ်းဆောင်နေသော ရထားဝန်ကြီးဌာန လက်မှတ်သိမ်းချုပ်အရာရှိ ကိုဝင်းထွဋ်သည်လည်း အများနည်းတူ အာဏာဖီဆန်ရေးလှုတ်ရှားမှု CDM ပြုလုပ်ခဲ့သည်။

ကာလရှည်ကြာလာတော့ မိသားစုစားဝတ်နေရေးအတွက် စိန်ခေါ်မှုရှိလာသည်နှင့်အမျှ ဩဂုတ်လကစ၍ လမ်းဘေးဖိနပ်ရောင်းချသည့်အလုပ်ကို လုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။ ဇနီးမောင်နှံနှစ်ယောက်လုံး ဖိနပ်လုပ်ပုံလုပ်နည်း သင်တန်းတက်ခဲ့ကြသည်။

အရင်းအနှီးအတွက်တော့ ချေးငှားခဲ့ကြရသည်။ တစ်ရံလျှင် ၁၀၀၀၊ ၁၅၀၀ ကျပ်တန် လူကြီးစီးနှင့် ကလေးစီး ကိုယ်တိုင်လုပ် ရောင်စုံကတ္တီပါဖိနပ်လေးများကို မိုးကာစပေါ်ဖြန့်ခင်းကာ ရောင်းချခြင်းဖြင့်စတင်ခဲ့သည်။

“အရင်တုန်းက ဈေးမှာ နေရာခ တစ်ရက်တစ်ထောင်ပေးပြီးရောင်းတယ်၊ အဲ့လို နေရာခပေးရတာ အမြတ်ငွေမကိုက်လို့ရယ်၊ နောက်ပိုင်းမှာ နေရာတွေက အခြားသူတွေဦးပေးထားတာဆိုတော့ ဆိုင်ကယ်နဲ့လှည့်ရောင်းဖြစ်တာပါ၊ တစ်နေရာတည်းအထိုင်ချပြီး မရောင်းဖြစ်တော့ပါဘူး” ဟု ကိုဝင်းထွဋ်က ပြောသည်။ သူ၏ဇနီးသည် မအိလှိုင်ဝင်းက စက်ချုပ်သည်။

သူတို့တွင် အသက် ၁၆ နှစ်အရွယ် ဒဿမတန်းကျောင်းသူ၊ အသက် ၁၃ နှစ်အရွယ် သတ္တမတန်းကျောင်းသူနှင့် အသက် ခုနှစ်နှစ်အရွယ် စတုတ္တန်းကျောင်းသားဟူ၍ ကလေးသုံးယောက်ရှိသည်။ စိတ်ဓာတ်ပြင်းပြသည့် ကိုဝင်းထွဋ်က စစ်ကောင်စီလက်အောက်တွင်ဖွင့်သည့် ကျောင်းများတွင် ကလေးများကို စာသင်ကြားခြင်းမပြုစေဘဲ သပိတ်မှောက်ထားသည်။

“ကျွန်တော်က ဆယ်တန်းအောင်ပြီးကတည်းက မြန်မာ့မီးရထား( ပို့ဆောင်ရေး)မှာ တာဝန်ထမ်းဆောင်လာတာ၊ လုပ်သက်က ၂၁ နှစ်ရှိပြီ။ ဈေးစရောင်းတော့ နည်းနည်းတော့ ကြောက်တာပေါ့။

အားပေးကြပါဦး၊ ဖိနပ်လေးတွေအားပေးကြပါဦးဆိုပြီးပဲ ပြောတတ်တယ်။ တစ်ခါတစ်ရံတော့ နယ်ကအသိမိတ်ဆွေတွေဆီကို ဆိုင်ကယ်နဲ့သွားပြီးရောင်းဖြစ်ပါတယ်၊ သူတို့ကလည်းအားပေးကြတယ်၊ ဒီလိုပဲတောက်လျှောက်ဖြေရှင်းလာတာပါ” ဟု အသက် ၄၁ နှစ်အရွယ် ကိုဝင်းထွဋ်က ပြောသည်။ မန္တလေးမြို့တွင် ဆိုင်ကယ်အသုံးပြုခြင်းဆိုင်ရာ ဒေသန္တရ အမိန့်ကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစတင် ထုတ်ပြန်ခဲ့သည်။

“အခြားသူတွေကတော့လမ်းလည်းကျွမ်းတယ်၊ ရွာတွေဘက်ကို ဖြတ်လမ်းတွေကမောင်းတတ်တယ်၊ ကျွန်တော်က လမ်းတွေ သိပ်မသိဘူး၊ လိုင်စင်လည်းမရှိဘူး၊ သူတို့ဖမ်းရင် သုံးသောင်းပေးရ မှာ။ တစ်နေ့ရတာမှ သုံးလေးထောင်ပဲ။ သူတို့ကိုသာ အဲ့လိုပေးလိုက်ရရင် ဆိုင်ကယ်ပါရောင်းရလိမ့်မယ်၊ အဲ့ဒါကြောင့် ခုဖိနပ်ရောင်းတဲ့လုပ်ငန်းလေးကို ရပ်ထားရပါတယ်” ဟု သူကပြောသည်။

လက်ရှိအချိန်တွင် အမျိုးသမီးဖြစ်သူ၏ စက်ချုပ်လုပ်ငန်းမှ ဝင်ငွေဖြင့် မိသားစုတစ်နေ့တာစားဝတ်နေရေး ဖြေရှင်းနေရသည်။ လကုန်အိမ်လခအတွက်တော့ ဝန်လေးနေသည်ဟု သူက ဝန်ခံပြောဆိုသည်။

အသက် ၃၈ နှစ်အရွယ် ကိုဝင်းထွဋ်၏ ဇနီးသည်က “ကျွန်မတို့ခက်ခဲတာတော့မှန်ပါတယ် ဒါပေမယ့် သူ့ကို Non-CDM ပြန်လုပ်ဖို့ ဘယ်တုန်းကမှမတိုက်တွန်းဖူးဘူး၊ အတူတူပဲအခက်အခဲကိုဖြတ်ကျော်မယ်။

အဆိုးဆုံးဖြစ်လာခဲ့ရင်တောင် စစ်တပ်ရဲ့လက်အောက်မှာတော့ဝန်ထမ်းမလုပ်ခိုင်းဘူး၊ အပြင်မှာပဲ အလုပ်လုပ်ပြီး မိသားစုအခက်အခဲကို ဖြေရှင်းမယ်၊ သူ့အတွက်လည်းကျွန်မကအမြဲဂုဏ်ယူနေပါတယ်” ဟု ပြောသည်။

မိဘတွေက မီးရထားဝန်ထမ်းဖြစ်ခဲ့သလို ကိုဝင်းထွဋ်လည်း ၁၀ တန်းအောင်တော့ မြန်မာ့မီးရထားဌာနမှာ အလုပ်ဝင်ခဲ့ကာ မန္တလေးဘူတာကြီး မြန်မာ့မီးရထား(ပို့ဆောင်ရေး) ဌာနတွင် လက်မှတ်သိမ်းချုပ်ဖြစ်သည်။ ထိုရာထူးအတွက် အဆင့်လေးဆင့်ကို ဖြတ်ကျော်ပြီး လုပ်သက် ၂၁ နှစ်ပြည့်မှ ရလာခြင်းဖြစ်သည်။

ပို့ဆောင်ရေးဌာနတွင် အလုပ်စဝင်စဉ် ပေါ်တာ(ဘူတာအထွေထွေလုပ်သား) ဖြင့်စတင်တာဝန်ထမ်းဆောင်ရပြီး လမ်းခွဲကိုင်၊ လက်မှတ်သိမ်း၊ လက်မှတ်စစ်၊ လက်မှတ်သိမ်းချုပ် ဆိုကာ အဆင့်ဆင့်အတွက် စာမွေးပွဲဖြေရခြင်းဖြစ်သည်။

အာဏာမသိမ်းခဲ့လျှင် ရာထူးတိုးရန် စာမေးပွဲတစ်ခုဖြေရန်ရှိသည်။ လက်မှတ်သိမ်းချုပ်ရာထူးအတွက် ကိုဝင်းထွဋ်၏လစာမှာ မြန်မာငွေ ၂၀၀၀၀၀ ကျပ်ဖြစ်သည်။ မန္တလေးဘူတာကြီးလက်မှတ်သိမ်းဌာနတွင် ဝန်ထမ်း ၃၆ ယောက်ရှိသည့်အနက် ၂၉ ယောက်က CDM ပြုလုပ်သည်။

လက်ရှိတွင်CDM ပြန်ရုပ်သိမ်းသွားသူ Non-CDM နှစ်ဦးရှိသည်။ မန်းဘူတာ လက်မှတ်ရောင်းဌာနတွင်တော့ ဝန်ထမ်း ၁၀၉ ယောက်ရှိသည့်အနက် CDM လုပ်သူ ၇၁ ရှိသည်။ ဖေဖော်ဝါရီလ ၈ ရက်တွင် CDM ကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုလကုန်တွင် လိုင်းခန်းမှ ဆင်းပေးလိုက်ရသည်။

“အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်ကိုမကြိုက်လို့ CDM ခဲ့တာပါ၊ အစ်ကိုတို့ဌာနမှာလည်း စစ်တပ်ကမိုးကျရွှေကိုယ်တွေကို ခန့်ထားတာတွေရှိတယ်။ ဘယ်လိုလဲဆိုရင် စစ်တပ်ကပြောင်းလာကတာ၊ တိုက်ပွဲမှာ ဒဏ်ရာရတဲ့စစ်သားတွေ၊ ဒီအလုပ်ကို ဘာမှနားမလည်ဘူး။ အစ်ကိုတို့က သူတို့ကို ခုနှစ်ရက်သင်တန်းပေးရတယ်၊

သင်တန်းပြီးတာနဲ့ သာမန်ဆိုရင် ၁၅ နှစ်လောက်လုပ်သက်ရှိမှ ရတဲ့ရာထူးတွေကို သူတို့ကတန်းရသွားတယ်၊ ပြီးရင်သူတို့က အကုန်လုံးကို ဘာမှနားမလည်ပဲ ဆရာကြီးလုပ်တော့တာပဲ၊ အောက်ခြေကတက်လာတဲ့ ဝန်ထမ်းတွေနစ်နာတာပေါ့” ဟု ကိုဝင်းထွဋ်ကရှင်းပြသည်။

CDM ပြုလုပ်ပြီးနောက်ပိုင်း မန္တလေးမြတောင်လူထုသပိတ်စစ်ကြောင်းများတွင် ရပ်ကွက်နေလူထုအားစည်းရုံးကာ ဆန္ဒပြပွဲများတွင်လည်း ကိုဝင်းထွဋ်တက်ကြွစွာပါဝင်ခဲ့သည်။ “ကျွန်တော်တို့က မဲပေးကတည်းက အမေစုပါတီကို တစ်မိသားစုလုံးမဲပေးခဲ့တာ။

စစ်တပ်က မတရားအာဏာသိမ်းတာကိုတော့ ဘယ်လိုမှ ရပ်ကြည့်မနေနိုင်ဘူး။ ကိုယ်CDM မှာပါနိုင်လို့ပါတယ်၊ ဘယ်လိုပဲခက်ခဲပါစေ၊ ဒီဆုံးဖြတ်ချက်ကို ပြောင်းလဲမှာမဟုတ်ဘူး၊ အမေစုပြန်လွတ်လာပြီး အရပ်သားအစိုးရတက်မှ မီးရထားဌာနကိုပြန်သွားမယ်” ဟု ကိုဝင်းထွဋ်က သူ့ယုံကြည်ချက်ကို ပြောသည်။

“ အချို့ဆိုရင် စားဝတ်နေရေးကြောင့် Non-CDM ပြန်လုပ်ကြတယ်၊ ကျန်တဲ့သူတွေလည်းအကုန်ခက်ခဲနေကြတာသိပါတယ်၊ ဒါပေမယ့် ဒီပွဲက နိုင်မယ့်ပွဲဆိုတာကျွန်တော်ယုံကြည်သလို ဘဝတူတွေကိုလည်းယုံကြည်စေချင်တယ်၊

စစ်တပ်ကိုဖြုတ်ချနိုင်တဲ့နေ့ ကျွန်တော်တို့ယူနီဖောင်းတွေပြန်ဝတ်ပြီး ရထားပေါ်ကိုပြန်တက်နိုင်ဖို့ ခုချိန်လေးကို အားတင်းထားကြပါလို့ပြောချင်ပါတယ်” ဟု သူက ဆက်ပြောသည်။ source ; mizzima

Be the first to comment

Leave a comment

Your email address will not be published.


*