ရန်ချိုပြောတဲ့ တရားသူကြီးတစ်ယောက်ရဲ့ လွတ်မြောက်ခြင်း အစစ်အကြောင်း

ရန်ချိုပြောတဲ့ တရားသူကြီးတစ်ယောက်ရဲ့ လွတ်မြောက်ခြင်း အစစ်အကြောင်း

မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်အစွန်ဆုံးကပတ်ကွိုင်တောင်တန်းကြီးကို ဖြတ်သွားတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ခရီးသည်တင်ကားတစ်စင်း ခပ်သုတ်သုတ်မောင်းနှင်နေပါတယ်။ကောင်းကင်ပေါ်ကနေ ဖြန့်ကျက်ကြည့်ခွင့်ရမယ်ဆို အလွန်တရာ ကျယ်ပြောတဲ့ တောင်စဉ်တောင်တန်းအလယ်မှာ မြွေတစ်ကောင်အလားတွန့်လိမ်ခေါက်ကွေးနေတဲ့ လမ်းမကြီးအဖြစ် မြင်ရမှာပါ။ အဲ့ဒီလမ်းဟာ ကမ္ဘာ့သမိုင်းထဲမှာ အထင်ကရရှိပြီးသားကမ္ဘာကျော် လီဒိုလမ်းမကြီးပါပဲ။

ဒုတိယကမ္ဘာစစ်မှာ အရေးပါခဲ့တဲ့ လီဒိုလမ်းမကြီးဟာ ဒီနေ့အထိလည်း အသုံးတော်ခံနေဆဲဖြစ်ပြီး သူ့ကျောပေါ်မှာ ခပ်သုတ်သုတ် ပြေးနေတဲ့ ခရီးသည်တင်ကားဟာ ဘယ်ကို ဦးတည်နေပါသလဲ။

ကားကခပ်နွမ်းနွမ်း။ လိုက်ပါလာတဲ့ ခရီးသည်တွေထဲက အချို့ဟာ ပုံမှန်အခြေအနေထက် ပို ဆိတ်ငြိမ်နေပါတယ်။ သူတို့ရဲ့ ကိုယ်စီကိုယ်စီ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရင်း ဟန်ကိုယ်ဖို့အနေအထားနဲ့ ကားပေါ်မှာ မင်သေသေရှိနေကြပါတယ်။ လာမယ့်ဘေးပြေးတွေ့မယ်လို့လည်း ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားပုံရပါတယ်။

အခန့်မသင့်ရင် သူတို့အားလုံး ဘေးဆိုးကြုံနိုင်တဲ့အခြေအနေကိုလည်း ကြိုတင်တွက်ဆထားကြရတယ် မဟုတ်လား။

ကားစပယ်ယာ ရန်ချိုက ယခင်သူဝတ်နေကြမဟုတ်တဲ့ စွပ်ကျပ်လက်ပြတ်အကျီကို ကပိုကရိုစွပ်ပြီး ပုဆိုးကို ခပ်တင်းတင်းနဲ့ ခပ်တိုတိုဝတ်ထားပါတယ်။သပ်သပ်ရပ်ရပ်ဖြစ်အောင် အမြဲလိုလို ဘေးခွဲထားတတ်တဲ့ ဆံပင်တွေကို ဖွပစ်လိုက်ပြီး ဘိုသီဘတ်သီပုံစံလုပ်ထားပါတယ်။ ယခင်က သူဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့အခုက ကား စပယ်ယာ ဖြစ်နေပြီ မဟုတ်လား။

ကားက အဝေးပြေးလမ်းမပေါ်မှာ နှစ်နာရီခန့်ကြာအောင် တရိပ်ရိပ်ပြေးနေရင်းကနေ တစ်နေရာအရောက်မှာတော့ ကားဆရာက ဘရိတ်ကို ခပ်ဖြေးဖြေးအုပ်ချလိုက်ပါတယ်။ ပြီးတော့ ကားဆရာဆီကနေ အချက်ပေးသံလိုလို စကားသံတစ်ချက် ခပ်တိုးတိုးထွက်လာပါတယ်။

” ရန်ချိုရေ ရှေ့မှာခွေးအုပ်”

ခရီးစဉ်စကတည်းက လီဒိုလမ်းမကြီး ဝန်းကျင်အလှတွေကိုတောင် မခံစားအားဘဲ လမ်းတစ်လျှောက် ကျီးကန်းတောင်းမှောက်ကြည့်နေတဲ့ ရန်ချိုကလည်း စစ်ကောင်စီယူနီဖောင်းဝတ်တွေကို ခပ်ဝေးဝေးကတည်းက လှမ်းမြင်ထားတာပါ။သူတို့အခုရောက်နေတဲ့နေရာက မြို့အဝင်ဂိတ်တစ်နေရာပါ။ကားဘီးလိမ့်နေဆဲအနေအထားမှာပဲ ရန်ချိုက ကားပေါ်ကနေ စွေ့ခနဲ့ခုန်ဆင်းလိုက်ပါတယ်။

” ဗိုလ်ကြီးရေ ကားပေါ်မှာ ခရီးသည် ၁၂ယောက်ပါတယ်။ အားလုံး အေးဆေးပါခမျ” လို့ စကားရောဖောရော ပြောပြီး ဒီဂိတ်ကနေ ခပ်မြန်မြန်ထွက်နိုင်ဖို့အတွက် ယခင်ရှေ့က စစ်ဆေးရေးဂိတ်တွေမှာလိုပဲ သူ့လက်ထဲမှာ လိပ်ထားတဲ့တစ်ထောင်ကျပ်တန်နှစ်ရွက်နဲ့ ကွမ်းယာထုပ်ကို ရဲတစ်ဦးလက်ထဲ ကပ်တိုးထည့်ပေးလိုက်ပါတယ်။

ခရီးဆက်မယ်အလုပ် ” မင်းတို့ကားကို စစ်ဆေးမယ်”ဆိုတဲ့အသံနဲ့အတူ မျက်နှာကြောတင်းမာနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ကားပေါ်တက်လာပါတယ်။ ရန်ချိုတစ်ယောက် ရုတ်တရက်လန့်သွားပေမယ့် ပါးရည်နပ်ရည်ရှိသူပီပီ မျက်စိမျက်နှာ မပျက်အောင် နေလိုက်ပါတယ်။ ပြီးတော့ ကားပြင်ရာမှာသုံးတဲ့ ဂွင်း၊ဂွအချို့ကိုလက်ကကိုင်ပြီး ကားဘီးတွေ လေနည်း၊ မနည်း လိုက်စစ်နေဟန်နဲ့ ကားပေါ်ကအခြေအနေကို နားစွင့်နေလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသည်တစ်ဦးချင်းရဲ့ မှတ်ပုံတင်ကို ယူစစ်ပါတယ်။ မှတ်ပုံတင်မပါတဲ့သူအချို့ကိုလည်း မာန်မဲနေပါတယ်။

ကားတစ်စီးလုံးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မွှေနှောက်ရှာဖွေကြပါတယ်။ ခရီးသည်တစ်ဦးရဲ့ အိတ်ကို ဖွင့်မစစ်ပါစေနဲ့လို့ ရန်ချို၊ကားဆရာတွေနဲ့ခရီးသည်တွေ ကြိတ်ဆုတောင်းနေပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။ ခရီးဆောင်အိတ်တစ်အိတ်ထဲမှာ အသေအချာ သိမ်းထုပ်ထားတဲ့ လက်တော့တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွက ရှာတွေ့သွားပါတယ်။ ကားပေါ်မှာပါတဲ့ အမျိုးသမီးတစ်ဦးက ဒီလက်တော့ဟာ သူပိုင်တာပါလို့ ပြောသံကို ရန်ချိုကြားလိုက်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်တော့ကို ဖွင့်ဖိုပြင်နေချိန် ကားဘေးနားက ရန်ချိုတစ်ယောက် ရင်တလှပ်လှပ်ခုန်ပြီး ဇောချွေးတွေ ပျံနေပါပြီ။

တစ်စက္ကန့်၊နှစ်စက္ကန့်၊ သုံးစက္ကန့် စသည်ဖြင့် နာရီလက်တံတစ်ချက်ချင်းက ရန်ချိုကို ဇောချွေးပျံစေပါတယ်။ ၁၅ မိနစ်ခန့်ကြာအောင်လက်တော့ကို နည်းမျိုးစုံဖွင့်ပေမယ့် မရတဲ့အဆုံး ရဲတစ်ယောက်က “မင်းတို့ လက်တော့အအိုကြီးပြန်ယူတော့” လို့ ပြောသံကြားတော့မှပဲ ရန်ချိုတစ်ယောက် စိတ်ဒုန်းဒုန်းချနိုင်ပါတော့တယ်။လက်တော့သာပါဝါ ပွင့်သွားခဲ့ရင် ဘာတွေဆက်ဖြစ်မလဲဆိုတာ မတွေးရဲဘူးလို့ ဆိုပါတယ်။

ဒီလိုနဲ့ ရန်ချိုတို့ရဲ့ ခရီးသည်တင်ကားလေးဟာ မြို့ပေါင်း ၂၀ကျော်၊ စစ်ဆေးရေးဂိတ် ၂၁ ခု၊ မိုင်ပေါင်း ခြောက်ရာကျော်ကို လေးရက်ကြာဖြတ်သန်းခဲ့ပြီးနောက် ဂိတ်ဆုံးကို ရောက်ခဲ့ပါတော့တယ်။ ရန်ချိုတို့ရဲ့ ခရီးစဉ်အဆုံးသတ်ရာ ဂိတ်ဆုံးဆိုတာ အဝေးပြေးကားတွေ ထိုးဆိုက်ရာ ကားဝန်းတစ်ခုမဟုတ်ပါဘူး။အာဏာသိမ်းစစ်ကောင်စီက အမှုမျိုးစုံဖွင့်ပြီး နင်မဲငဆလိုက်ဖမ်းခံရသူတိုင်း တိမ်းရှောင်ထွက်ပြေးလာရတဲ့ လွတ်မြောက်နယ်မြေလို့ခေါ်တဲ့ တိုင်းရင်းသားဒေသတစ်ခုရယ်ပါ။

-ရန်ချို (သို့မဟုတ်) တရားသူကြီးဦးကောင်းမြတ်သူ

” ရန်ချိုဆိုတာ ကျွန်တော်ပါ။ CDMလုပ်ပြီးတဲ့နောက်ပိုင်း တော်လှန်ရေးအတွက်လုံးပန်းနေချိန် မိတ်ဆွေတွေ သူငယ်ချင်းတွေက ပေးတဲ့ နာမည်ပါ။အဲ့ဒီတုန်းကတော့ ရဲအရစ်နဲ့ကောင်ကိုလည်း ဗိုလ်ကြီးလို့ ခေါ်ခဲ့ရတဲ့ စပယ်ယာရန်ချိုပေါ့ဗျာ ဟား ဟား”

စစ်အာဏာရှင်ဆန့်ကျင်ရင်း CDM လုပ်ခဲ့တဲ့ ချောင်းဦးမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး ဦးကောင်းမြတ်သူက သူ့ ကိုယ်သူ မိတ်ဆက်ပါတယ်။ မတရားမှုကို ဆန့်ကျင်ပြီးတပါးသူကိုကူညီတတ်တဲ့ဇာတ်ရုပ်နဲ့ အိန္ဒိယမင်းသား Aamir Khan သရုပ်ဆောင်ထားတဲ့ ကမ္ဘာကျော် 3 Idiots ဇာတ်ကားထဲက ရန်ချို(Aamir Khan)ရဲ့ အမည်ကို မြန်မာ့နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဦးကောင်းမြတ်သူက ယူသုံးခဲ့ပါတယ်။

CDM လုပ်ခဲ့လို့ ပုဒ်မ ၅၀၅-က တပ်ခံရပြီးတဲ့နောက် တရားခံပြေးအနေနဲ့ နိုင်ငံပိုင်ရုပ်သံကနေ နှစ်ကြိမ်တိုင် ကြေငြာခံရတဲ့ ဦးကောင်းမြတ်သူက ကားစပါယ်ယာဟန်ဆောင်ပြီး ထွက်ပြေးလာခဲ့ရတဲ့ အဖြစ်အပျက်ကို အခုလို အသေးစိတ်ဆက်ပြောပါတယ်။

“ကားပေါ်မှာ ယာဉ်မောင်း သုံးယောက်လောက်နဲ့စပယ်ယာတစ်ယောက်ပါတယ်။စစ်တာဆေးတာ တွေ့ရင်ကားသမားက ခရီးသည် လုပ်လိုက်တယ်။ ကျွန်တော်က ကားသမားအဖွဲ့ထဲက စပယ်ယာပေါ့။ ခရီးသည်ထဲက အမျိုးသမီးတစ်ယောက်နဲ့ ကားသမားက လင်မယားလုပ်လိုက်ပြီး လက်တော့ကို သူတို့ဟာလို့ ပြောတယ်။

လက်တော့မှာ wall paperက ကျွန်တော့်ပုံ။အတွင်းထဲမှာ တော်လှန်ရေးနဲ့ဆိုင်တဲ့ ပုံတွေ videoတွေချည်းပဲ။သွားပြီပေါ့။ ဒုက္ခ ရောက်ပြီပဲလို့ တွေးပြီး အားကို ပျက်သွားတာပဲ။ ကားပေါ်မှာ ကျွန်တော့်တပည့်တစ်ယောက်ပါတယ်။ သူက သူ့ကိုယ်သူ ရှေ့နေလို့ပြောပြီး ရဲတွေကို ဥပဒေပိုင်းဆိုင်ရာတွေ ပြောပြီး အာရုံပြောင်းပေးတယ်။

ရဲက မယုံသလိုနဲ့တပည့်ဖြစ်သူကို ဥပဒေပုဒ်မတွေ ပြန်မေးတယ်။လက်တော့ကလည်း ၁၅မိနစ်လောက် ဖွင့်တာကို မပွင့်။ ကျွန်တော့်တပည့်ကလည်း ရဲနဲ့ ဉပဒေပုဒ်မတွေအကြောင်းပြောဆိုတော့ ရဲတွေ စိတ်လျော့ပြီးမင်းတို့ လက်တော့အအိုကြီးပြန်ယူတော့လို့ပြောတယ်။ အဲ့ဒီလိုနဲ့ ကံကောင်းထောက်မပြီး လွတ်လာခဲ့တယ်”

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်ကို ပြန်ပြောနေရင်းကနေ သူ ခဏနားလိုက်ပါတယ်။ပြီးတော့ ဆက်ပြောပါတယ်။” အရမ်းထူးဆန်းတယ်။ လွတ်မြောက်နယ်မြေကိုရောက်ရောက်ချင်း လက်တော့ကိုဖွင့်ကြည့်တာ ပါဝါချက်ချင်းပွင့်သွားတယ်ဗျာ။ ကျွန်တော် အဖမ်းမခံရတာဟာ တရားကိုနတ်စောင့်တာလို့ယုံကြည်တယ်”

စစ်အာဏာရှင်ဇာတ်သိမ်းရေး အဆုံးအထိတိုက်ပွဲဝင်ဖို့အတွက် ရှင်သန်နေမှရမယ်လို့ ဦးကောင်းမြတ်သူက ယုံကြည်ထားပြီး သူတာဝန်ကျရာ ဒေသ၊ မွေးရပ်မြေနဲ့သူချစ်တဲ့ မိခင်၊မိသားစု၊ မိတ်ဆွေအသိုက်အဝန်းနဲ့ဝေးရာ လွတ်မြောက်နယ်မြေဆီ ခရီးကြမ်းမှာ အာဏာရှင်ကို ရွံမုန်းတဲ့ ပြည်သူလူထုက သူနဲ့အတူတစ်သားတည်း စွန့်စားပေးခဲ့တာလို့ ဆိုပါတယ်။

” ကားပေါ်မှာ ကျွန်တော်နဲ့ ရုပ်ချင်းဆင်တဲ့သူ တစ်ယောက်ပါတယ်။ သူ့မှတ်ပုံတင်ကို ကျွန်တော့်ကို ပေးထားတယ်။ သူ အစစ်ခံရလို့ မှတ်ပုံတင်မပြနိုင်ရင် သူ့မှတ်ပုံတင်က ပျက်စီးနေလို့ ပြန်လျှောက်ထားတယ်လို့ ပြောမယ်ပေါ့။ စစ်ခွေးတွေက လက်မခံရင် ရပ်ကွက်လူကြီးနဲ့ ဖုန်းပြောခိုင်းမယ်ပေါ့။

အကယ်၍ ဖမ်းထားရင်လည်း နေခဲ့မယ်လို့ ပြောတယ်”ဟု လွတ်မြောက်နယ်မြေဆီ ဦးတည်တဲ့ခရီးကြမ်းတလျှောက် ကူညီခဲ့တဲ့ မိတ်ဆွေတွေအကြောင်းကို ဦးကောင်းမြတ်သူက ပြန်ပြီးဖောက်သည်ချပါတယ်။

GZ တရားသူကြီး

ဦးကောင်းမြတ်သူက တရားသူကြီးဆိုပေမယ့် အသက် ၂၇ နှစ်သာရှိသေးတဲ့ လူငယ်တစ်ဦးပါ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ စီကောင်းကျေးရွာမှာ ၁၉၉၄ ခုနှစ်က မွေးဖွားခဲ့သူပါ။ ဖခင်က ကွယ်လွန်ခဲ့ပြီဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူ ဘဝကို ရိုးရိုးကုပ်ကုပ်ဖြတ်သန်းခဲ့ပါတယ်။ ငါန်းဇွန်မြို့နယ်မှာပဲ အထက်တန်းအောင်မြင်ပြီး အဝေးသင်ဥပဒေဘွဲ့ကို ကျောက်ဆည်တက္ကသိုလ်က၂၀၁၄-၂၀၁၅ပညာသင်နှစ်မှာရခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ရှေ့နေအလုပ်သင်အဖြစ် ဥပဒေပညာကို ဆက်လေ့လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အထက်တန်းရှေ့နေ ဖြစ်လာခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲ တရားသူကြီးစာမေးပွဲဝင်ဖြေခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ၂၀၁၆ တရားရေးဝန်ထမ်းအဆင့်(၄)(ဒုတိယမြို့နယ်တရားသူကြီး)၊ အပတ်စဉ် (၂၄) မှာ ပါဝင်ခဲ့တာပါ။(တရားရေးဝန်ထမ်တွေကို အမြင့်ဆုံးရာထူးကနေ အောက်ဆုံးအထိ အဆင့် ၁,၂,၃,၄ အထိသတ်မှတ်ထားပြီး အခုအခါမှာတော့ ဦးကောင်းမြတ်သူက တရားရေးဝန်ထမ်းအဆင့်(၃)ဖြစ်နေပါပြီ။)

ပထမဆုံးအနေနဲ့ ဒုတိယမြို့နယ်တရားသူကြီးအဖြစ် ဇာတိ ငါန်းဇွန်မြို့နယ်တရားရုံးမှာ တာဝန်ကျခဲ့ပါတယ်။ငါန်းဇွန်မြို့နယ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့ကို၂၀၁၈ ၈လပိုင်းမှာ ပြောင်းရွှေ့ခဲ့ရတာပါ။ကျေးသီးမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကဆိုရင် ဝေးလံခေါင်ဖျားဒေသက တိုင်းရင်းသားတွေ ဥပဒေရေးရာတွေကို စိတ်ဝင်စားလာအောင်ကြိုးစားခဲ့သလို ဥပဒေပုဒ်မတစ်ခုချင်းအလိုက် တိုင်းရင်းသားဘာသာစကားနဲ့ဘာသာပြန်ပေးခဲ့တာမို့ အစိုးရကချီးမြင့်တဲ့ စီမံထူးချွန်ဆု(တတိယအဆင့်)ရရှိခဲ့ဖူးပါတယ်။

ဒါ့အပြင် ဥပဒေဆိုင်ရာ စာအုပ်တွေရေးသားထုတ်ဝေခဲ့သလို တိုင်းရင်းသားဒေသအချို့မှာ ဥပဒေဆိုင်ရာ အခြေခံသင်တန်းတွေပေးခဲ့ပြီး ဥပဒေစာကြည့်တိုက်လည်း ဖွင့်လှစ်ခဲ့ပါသေးတယ်။ အသက် ၂၀ကျော်အရွယ် လူငယ်တရားသူကြီးတစ်ယောက်အနေနဲ့ သူ့ရဲ့ တရားရေးနယ်ပယ်မှာတက်တက်ကြွကြွလုပ်ခဲ့သူလို့ ကျေးသီးမြို့က အရပ်ဘက်အရေးဆောင်ရွက်သူတွေက အသိအမှတ်ပြုပါတယ်။

ဒီနေ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ရဲရင့်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့ကိုတော့ တွဲဖက်မြို့နယ်တရားသူကြီးတာဝန်နဲ့ ၂၀၂၀ ၊ဖေဖော်ဝါရီလမှာ ပြောင်းရွှေ့လာခဲ့ပါတယ်။ သူပြောင်းရွှေ့လာပြီး တစ်နှစ်ပြည့်ချိန်မှာပဲ စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းတဲ့ နိုင်ငံရေးလှိုင်းထမ်းပိုးကို ရင်ဆိုင်လိုက်ရတာပါ။ မတရားမှုကို စက်ဆုပ်ရွံရှာသူပီပီ ရွေးကောက်ပွဲမဲစာရင်းကိုလိမ်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ဖို့ သူ့အတွက် နှစ်ခါပြန်စဉ်းစားစရာမဟုတ်ဘူးလို့ ဦးကောင်းမြတ်သူက ပြောပါတယ်။

“ကျွန်တော်ဟာ နွမ်းပါးတဲ့ မိသားစုမှာ ကြီးပြင်းခဲ့တယ်။ တောရွာမှာ မွေးဖွားခဲ့တယ်။ အာဏာရှင်စနစ်ဆိုးဟာ တောရွာက တောင်သူလယ် သမားတွေအပေါ် အရမ်းဆိုးရွားတာကို တွေ့မြင်ခံစားခဲ့ရတယ်။ နောက်တော့ အရာရှိဖြစ်ပြီး တောင်တန်းဒေသတာဝန်ကျစဉ်မှာလည်း စစ်အာဏာရှင်ရဲ့ ဒေသခံတွေအပေါ် တရားလက်မဲ့ပြုကျင့်တာတွေ ကြားသိခဲ့ရတယ်။ ဒါ့ကြောင့် တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက် မကျစေချင်ဘူး။ ဒီအကြောင်းအချက်တွေကပဲကျွန်တော့်ရဲ့ တော်လှန်ရေးစိတ်အပေါ် တွန်းအားတွေပဲဖြစ်ပါတယ်”

ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ နိုင်ငံရေးမျိုးဆက်မရှိခဲ့ပေမယ့် ဦးကောင်းမြတ်သူက မြန်မာနွေဦးတော် လှန်ရေးအတွက် လူငယ်ပီပီ ရဲရင့်တက်ကြွနေသလို ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ သူရဲ့ မိခင်ကလည်း အာဏာရှင်ကို ရွံရှာစိတ်နဲ့ CDM လုပ်ခဲ့ပါတယ်။ အခုအခါမှာတော့ သားအမိနှစ်ယောက်စလုံးတစ်ယောက်တစ်နေရာရောက်နေကြပါတယ်။ သားကို လွမ်းပေမယ့် အာဏာရှင်အမြတ်ဖြတ်နိုင်ရေးအတွက် စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားတဲ့သားအတွက် ဂုဏ်ယူနေတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

” သားကြီးသာ အရာရာပဲ။ သူအဆင်ပြေဖို့၊ လုံခြုံဖို့၊ ကျန်းမာဖို့က ကိုယ့်အသက်ထက်အရေးကြီးတယ်။ သားကြီးကိုယ်စား မေမေအဖမ်းခံရရင်တောင် မင်းထွက်မလာရဘူးလို့ အပြတ်ပြောထားတယ်”လို့ ဦးကောင်းမြတ်သူရဲ့ မိခင်က ပြောပါတယ်။

လူငယ်ပီပီ စိတ်မြန်လက်မြန်လည်းရှိ၊တရားသူကြီးတစ်ယောက်အနေနဲ့ ဥပဒေပညာကို သာမာန်လူတွေထက် ပိုနားလည်ထားတဲ့ ဦးကောင်းမြတ်သူက တော်လှန်ရေးကာလ ခရောင်းလမ်းကို ခပ်သွက်သွက် လှမ်းခဲ့ပါတယ်။

CDM လုပ်ပြီးတဲ့နောက် ချောင်းဦးမြို့နယ်အတွင်းက လူထုတော်လှန်ရေးဆန္ဒပြပွဲ‌တွေကို ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီက သူ့ကို ဝရမ်းထုတ်တဲ့အခါ ချောင်းဦးမြို့ကို တိတ်တဆိတ် စွန့်ခွာခဲ့ပါတယ်။ ဇာတိမြေ ငါန်းဇွန်မြို့ စီကောင်းရွာကို ပြန်ပြီး တော်လှန်ရေးအတွက် အရှိန်မြှင့်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ဖို့ CRPHက မကြေငြာခင်မှာပဲ သူ့ဇာတိရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးကို လက်မခံကြောင်း ရွာသားတွေနဲ့အတူလော်စပီကာနဲ့ လိုက်အော်အသိပေးခဲ့ပါတယ်။

ရပ်ကွက်နဲ့ကျေးရွာအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ဖို့ CRPHက ဖေဖော်ဝါရီ ၂၂ရက်မှာ ညွှန်ကြားခဲ့တာပါ။ ဒါပေမယ့် စီကောင်းရွာကတော့ ကိုယ့်ကျေးရွာကို ကိုယ့်ဘာသာကိုယ်အုပ်ချုပ်မယ်ဆိုပြီး ဦးကောင်းမြတ်သူရဲ့ ဦးဆောင်မှုနဲ့အတူ ဖေဖော်ဝါရီ ၁၉ရက်မှာ ကြေငြာခဲ့တာပါ။ တရားရေးဌာနက အရာရှိတစ်ယောက်အနေနဲ့ ဥပဒေလမ်းကြောင်းတွေကို သိရှိနားလည်နေတာမို့ အခုလိုခပ်သွက်သွက် ‌လုပ်နေနိုင်ခဲ့တာလို့ ဦးကောင်းမြတ်သူကပြောပါတယ်။

” စစ်အာဏာရှင်ကို ကျွန်မတို့ ရွံတယ်။ ဒါကြောင့် ကျမတို့ အန္တရာယ်ကြားကနေ တိုက်ထုတ်နေတာ”လို့ စီကောင်းရွာ ဒေသခံတစ်ဦးကပြောပါတယ်။

စီကောင်းရွာမှာ သူ့နေရာပျောက်အောင်လုပ်တဲ့ ဦးကောင်းမြတ်သူကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက အမြင်မကြည်တော့တဲ့နောက် စစ်ကောင်စီကိုသတင်းပေးလိုက်ပါတော့တယ်။ ဦးကောင်းမြတ်သူ တစ်ယောက် စီကောင်းရွာကို ရောက်နေတဲ့အကြောင်းစစ်ကောင်စီက သိသွားတဲ့အခါဖမ်းဖို့ ကြိုးစားလာပြန်တာကြောင့် ဇာတိမြေကို စွန့်ခွာရပြန်ပါတော့တယ်။ နွေဦးတော်လှန်ရေးအတွက် စိတ်တူကိုယ်တူ မိတ်ဆွေတွေရှိရာမှာ အလျဉ်းသင့်သလို သွားလာနေထိုင်ရင်းတော်လှန်ရေးကို ဆက်အရှိန်မြင့်ခဲ့ပါတယ်။

CDM လုပ်နေရာကနေ လက်နက်ကိုင်တော်လှန်ရေး လုပ်မှ နွေဦးတော်လှန်ရေးအောင်မြင်မယ်လို့ ယုံကြည်လာတဲ့နောက် တရားသူကြီး ဦးကောင်းမြတ်သူဟာ စပယ်ရာ ရန်ချိုအနေနဲ့ လွတ်မြောက်နယ်မြေဆီ ခရီးကြမ်းနှင်ခဲ့ခြင်းဖြစ်ပါတယ်။ ရဲတပ်သားအဆင့်ကို တရားသူကြီးတစ်ယောက်က ဗိုလ်ကြီးလို့ ခေါ်ပြီး မျက်နှာလုပ်ခဲ့ရတဲ့အထိ ခေတ်ပျက်နေတာဟာ အခြေအနေသိပ်ဆိုးနေတဲ့တရား ဥပဒေကင်းမဲ့မှုကို ပြနေတာလို့ ဦးကောင်းမြတ်သူက ဆိုပါတယ်။

“စစ်ခွေးတွေကို ဘယ်လောက်အထိ ရွံလဲဆိုရင် လမ်းမှာ ပေးခဲ့ရတဲ့ ကွမ်းထဲတောင် အဆိပ်ခပ်ပြီးကျွေးလိုက်ချင်သေးတယ်”

အခုအခါမှာဆိုရင် လွတ်မြောက်နယ်မြေကိုရောက်ပြီးတဲ့နောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး တရားရေးနဲ့ဥပဒေပိုင်းဆိုင်ရာသင်တန်းတွေ အွန်လိုင်းကနေသင်ပြပေးနိင်ဖို့ စီစဉ်နေပါတယ်။ CDM ဝန်ထမ်းတွေ လက်ထပ်ထိမ်းမြားတာကိုလည်း NUG တရားရေးဝန်ကြီးဌာနကနေ တရားဝင်အောင် ဆောင်ရွက်ပေးနိုင်ရေးအထိ ဥပဒေပိုင်းဆိုင်ရာမှာ ဟာကွက်မရှိအောင် ဦးဆောင်ကြိုးပမ်းနေပါတယ်။ CDM လုပ်နေတဲ့ တရားရေးဝန်ထမ်းတွေကို ထောက်ပံ့ရေးအတွက်NUGနဲ့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။

လွတ်မြောက်ခြင်းအစစ်

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးယန္တရားဟာ အလွန်အမင်းယိုင်နဲ့နေကြောင်း စိုးရိမ်မကင်းသတိပေးသံတွေ ညံနေခဲ့တာ ဆယ်စုနှစ်တစ်ခုစာ မကတော့ပါဘူး။ပြည်သူလူထုနဲ့ ဒီချုပ်အစိုးရဟာ ဒီမိုကရေစီစနစ်ကို ကျဉ်းထဲကျပ်ထဲကနေ ဖော်ဆောင်နေချိန် စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ခြင်းဟာစစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ သူနဲ့သူ့မိသားစုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့လို့ လူထုက တုန့်ပြန်ထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးချုပ်နှောင်ပြီး ပုဒ်မမျိုးစုံတပ် အမှုဖွင့်နေတဲ့ တရားရေးအသိုင်းအဝိုင်းကို လူထုက ယခင်ကထက် စက်ဆုပ်ရွံရှာနေပါတယ်။မြန်မာတစ်နိုင်ငံလုံးမှာ တရားသူကြီး ၁၃၀၀ခန့် ရှိတဲ့အနက် CDM လုပ်တဲ့ တရားသူကြီး အရေအတွက်က ၃၀တောင်မပြည့်ပါဘူး။

ဒါဟာ ယနေ့ခေတ် မြန်မာ့တရားရေးမဏ္ဍိုင်ယိုင်နဲ့နေတာကို ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြနေတာလို့ ဦးကောင်းမြတ်သူကပြောပါတယ်။( မြန်မာတစ်နိုင်ငံလုံးမှာ တရားသူကြီး ၁၃၀၀ခန့် ရှိပြီး CDM တရားသူကြီးက ၂၅ ဦးခန့်နဲ့ တရားရေးဝန်ထမ်း လေးထောင်ခန့်မှာ CDM ပြုလုပ်သူ ၁၀၂ဦးသာ ရှိတယ်လို့ CDM တရားသူကြီးတွေရဲ့ အောက်တိုဘာလအတွင်းပြုလုပ်ထားတဲ့ နောက်ဆုံးစစ်တမ်းမှာ ဖော်ပြထားပါတယ်)

“ဘုရင်ခေတ်တွေမှာဖိနပ်တော်ထမ်း ရာထူးဆိုတာရှိတယ်။ ဘုရင့်အနားနေပြီး ဘုရင်စီးဖို့ ဖိနပ်တွေ ပြင်ဆင်ပေးရသူပေါ့။ဖိနပ်တော်ထမ်းရာထူးကို ဘုရင်ကို ရန်မပြုနိုင်တဲ့ ကလေးအရွယ်တွေ ခန့်အပ်တယ်။အခုလည်း စစ်အာဏာရှင်က သူ့ကိုရန်မပြုနိုင်တဲ့၊ ရန်ပြုနိုင်စွမ်း မရှိတဲ့ လူတွေကို ဖိနပ်တော်ထမ်း ရာထူးပေးထားတဲ့ သဘောပါပဲ။ ခိုင်းတာလုပ်ပြီး ခံမပြောမဲ့ လူ့အညံ့စားတွေပါ။ တရားသူကြီးအမည် ခံထိုက်သူတွေမဟုတ်ပါဘူး”

မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်စေရေး စိတ်အားထက်သန်နေတဲ့ ဦးကောင်းမြတ်သူက စစ်ကောင်စီအလိုကျ ဇာတ်ရုပ်နဲ့ကနေတဲ့ တရားသူကြီးတွေ အကြောင်းပြောချိန် မှာ အမြဲလိုလို ဒေါသသံ စွက်နေတတ်ပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မရှိအပြစ်ရှာ ဖမ်းဆီးပြီး အမှုဆင် တရားစွဲဆိုနေခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်သူမှန်သမျှကို အာဏာရှင်အလိုကျ အမှုဆင်နေကြတဲ့ တရားသူကြီးတိုင်းဟာ ဂုဏ်သိက္ခာအကင်းမဲ့ဆုံးလူအန္တတွေ ဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

တရားသူကြီးတွေဟာ အမှုတွေကို တရားမျှတစွာ စစ်ဆေးစီရင်ပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုပြီးမှ တရားခွင်လုပ်ငန်းစတင်တယ်လိုဆိုပေမယ့် စစ်ကောင်စီလက်အောက်က တရားသူကြီးတွေဟာ ကျမ်းသစ္စာကျိန်ဆိုခြင်း မလုပ်ကြတော့ဘူးလို့ တရားရေးအသိုက်အဝန်းက မှတ်ချက်ပြုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေမဲ့ ခိုင်းစေမှုတွေကို လိုက်ပါလုပ်ကိုင်ဆောင်ရွက်ပေးနေကြတဲ့ တရားရေးဝန်ထမ်းတွေ၊ ဥပဒေဝန်ထမ်းတွေနဲ့ တရားရုံးတွေဟာ ရာဇဝတ်မှုတွေကို ဂိုဏ်းဖွဲ့ကျူးလွန်နေသူတွေဖြစ်တယ်လို့ ကြေညာရှုတ်ချထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီအလိုကျ တရားစစ်ဆေးစီရင်နေခြင်းဟာ ပြစ်မှုကျူးလွန်နေခြင်းဖြစ်ပြီး တရားရုံးတွေရဲ့ ဆောင်ရွက်ချက်တွေ ချက်ချင်းရပ်ဆိုင်းဖို့NUG က သတိပေးထားပါတယ်။ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ပြည်သူလူထုရဲ့ ဒဏ်ခတ်အပြစ်ဒဏ်ပေးမှုကို မလွဲမသွေခံကြရမှာဖြစ်တယ်လို့လည်း NUG တရားရေးဝန်ကြီးက တရားဝင် ကြေညာထားပါတယ်။

နိုင်ငံတော်အာဏာကို စစ်ကောင်စီလက်ထဲကနေ မရရအောင်ပြန်တိုက်ယူမယ်လို့ ယတိပြတ်ဆုံးဖြတ်ထားတဲ့ CDM တရားသူကြီး ဦးကောင်းမြတ်သူက အစစ်အဆေးတင်းကျပ်တဲ့ လမ်းတွေကို လေးရက်ကြာ ခရီးပြင်းနှင်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပေမယ့် ဒါဟာ တရားသူကြီးတစ်ဦးရဲ့ လွတ်မြောက်ခြင်းအစစ် မဟုတ်သေးဘူးလို့ ပြောပါတယ်။

” တရားသူကြီးတစ်ဦးဟာ အမှုတစ်ခုကို ဥပဒေနဲ့အညီ မျှတစွာ စစ်ဆေးပြီး မှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးချိန်ကမှ သူရဲ့ လွတ်မြောက်ခြင်းအစစ်ပါ” လို့ဆိုပါတယ်။ source ; mizzima

Be the first to comment

Leave a comment

Your email address will not be published.


*