လူသေရင်ဘာလို့ ကုတို့ခတစ်မတ် ထည့်ရတာလဲ …

လူသေရင်ဘာလို့ ကုတို့ခ တစ်မတ်ထည့်ရတာလဲ ? ခြေမ လက်မ ကြိုးချည်ရတာလဲ? ရေအိုးဘာလို့ခွဲတာလဲ ?

မင်္ဂလာမောင်မယ်ရုပ်စုံစာစောင် မှာ ရေးခဲ့တာလေး ပြန်တင် ပေးလိုက်ပါတယ်။

ကူးတို့ခတစ်မတ်နှင့် ရေအိုးရိုက်ခွဲခြင်း

မေး။ ။ ဆရာခင်ဗျား၊ ကျွန်တော်သိလိုသော မေးခွန်းသည် သိပ္ပံနှင့် သက်ဆိုင်၊ မသက်ဆိုင် မပြောတတ်ပါ။ သို့သော် ကြိုးစားဖြေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(က) လူသေအလောင်းများတွင် သင်္ဂြိုဟ်ခါနီးအချိန်၌ ပါးစပ်အတွင်းသို့ ငွေတစ်မတ်ထည့်ရခြင်းမှာ အဘယ်ကြောင့်ပါနည်း။

(ခ) လူသေအလောင်းများ သင်္ဂြိုဟ်ရန် အိမ်ပေါ်မှ ချလာသောအခါ ရေအိုးရိုက်ခွဲရခြင်းမှာ အဘယ်ကြောင့်ပါနည်း။ ကျေးဇူးပြုပြီး ရှင်းလင်းဖြေကြားပေးပါခင်ဗျား။ကိုတင်ထွန်းဦး၊ မကွေးမြို့။

ဖြေ။ ။ ကိုတင်ထွန်းဦးမေးသော မေးခွန်းနှစ်ခုစလုံးမှာ သိပ္ပံအမြင်ဖြင့် ဖြေကြားရလျှင် အကျိုးသက်ရောက်မှု၊ သက်ဆိုင်မှုမရှိပါ။ ရှေးအယူဝါဒများနှင့် သက်ဆိုင်သော ကိစ္စများသာ ဖြစ်သည်။ မေးမြန်းသော အကြောင်းအရာများကို ဖြေကြားရန် စာအုပ်စာတမ်းများကို လေ့လာကြည့်သောအခါ မောင်ဘသင် ရေးသားသည့် နားခံတော်မင်း မောင်တာနောဝတ္ထု(ပထမတွဲ) တွင် ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။ ထိုစာအုပ်မှာ ၁၉၀၇-ခုနှစ်က ထုတ်ဝခေဲ့သော စာအုပ်ဖြစ်ခြင်းကြောင့် တချို့စာကြည့်တိုက်များတွင်သာ တွေ့မြင်ရမည်ဖြစ်သည်။

ပထမဦးစွာ လူသေအလောင်းများ၏ ပါးစပ်ထဲသို့ ကူးတို့ခ ငွေတစ်မတ်ထည့်သွင်းရခြင်းအကြောင်းကို ဖြေဆိုပါမည်။ ရှေးအခါက ၀သောလီပြည်တွင် သုသာန်နှင့် မြို့မှာ အလွန်ဝေးကွာသောအရပ်တွင် တည်ရှိနေခဲ့သည်။ ထိုအခါ လူတစ်ဦးတစ်ယောက် သေလွန်သောအခါ ၄င်း၏ဆွေမျိုးများသည် ထိုသုသာန်သို့ လိုက်ပါပို့ဆောင်နိုင်ခြင်း မရှိတော့ပါ။

ထို့ကြောင့် လူသေ၏နား ဘယ်ညာ၌ ခေါင်ရန်းပန်းကို ထိုးပြီးလျှင် အ၀တ်အစားထဲ၌ မူးစ မတ်စတို့ကို ထည့်ပေးကာ ဖုတ်သွင်းရထားဖြင့် သင်္ချိုင်းသို့ စေလွှတ်လိုက်ပါသည်။သုသာန်စောင့်တို့က သင်္ချိုင်းသို့ရောက်လာသော လူသေအလောင်းမှ မြေတူးခငွေ မူးစ၊ မတ်စတို့ကို ထုတ်ယူပြီးလျှင် အလောင်းအား မြေတွင် မြုပ်နှံပေးကြသည်။

ထို့ကြောင့် ယနေ့ပြောဆိုနေသော ကူးတို့ခတစ်မတ်ဆိုသည်မှာ အမှန်အားဖြင့် ၀သောလီပြည်ရှိ သုသာန်စောင့်တို့အတွက် ထည့်ပေးသော တွင်းတူးခပင် ဖြစ်ပါသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး မောင်တာနောဝတ္ထုတွင် “ကူးတို့ခ ထည့်ပေးခြင်းအကြောင်းမှာ အကျိုးမရှိချေ။ မထည့်လျှင်လည်း အကျိုးမယုတ်၊ အဟောသိကံသာ ဖြစ်ချေသည်။

ယခုကာလ၌ တွင်းတူးခကို မသာရှင်တို့က ကိုယ်တွေ့ပေးကြရ၏။ အချို့က ၄င်းကူးတို့ခ မပါလျှင် သေသူသည် သွားလိုသောဆန္ဒအတိုင်း မသွားမလာနိုင်ဟု ပြောဆိုကြ၏။ ဤသို့ပြောခြင်းသည် မှားသောအယူပေတည်း” ဟု ရေးသားဖော်ပြထားပါသည်။

ဒုတိယမေးခွန်းဖြစ်သော ရေအိုးခွဲခြင်းအကြောင်းမှာလည်း သိပ္ပံနှင့် မသက်ဆိုင်ပါ။ ရှေးအခါက ဗာရာဏသီပြည်ကို အစိုးရသော အသကမင်းကြီး၌ ဥပရိမည်သော မိဖုရားကြီးတစ်ပါး ရှိလေသည်။ မင်းကြီးမှာ မိဖုရားကြီးကို လွန်စွာမှ ချစ်မြတ်နိုးတော်မူလေသည်။ သို့သော်လည်း မိဖုရားကြီးမှာ ငယ်ငယ်ရွယ်ရွယ်မှာပင် ကံကုန်သွားရှာလေသည်။

ထိုအခါ မင်းကြီးသည် ချစ်မြတ်နိုးလှသော မိဖုရားကြီး၏အလောင်းကို မြေမမြုပ်ရက်၊ မသင်္ဂြိုဟ်ရက်ဘဲ အမွှေးနံ့သာတို့ လိမ်းကျံကာ တစိမ့်စိမ့်ကြည့်ပြီး ငိုမြည်တမ်းနေလေတော့သည်။ထိုအဖြစ်ကို ဘုရားလောင်းရသေ့သည် အဘိဉာဉ်ဖြင့် သိမြင်တော်မူပြီးနောက် ဟိမဝန္တာတောမှ ဈာန်တန်ခိုးဖြင့် ကြွလာတော်မူသည်။ အသကမင်းကြီး၏ ဥယျာဉ်တော်တွင် နားနေပြီး မင်းချင်းတို့ကို မင်းကြီးထံ အသိပေးစေသည်။ မကြာမီ မင်းကြီးလည်း ဆရာရသေ့ရှေ့မှောက်သို့ ရောက်ရှိလာသည်။

ရသေ့လည်း မင်းကြီးအား တရားပြဖြောင်းဖြသော်လည်း မင်းကြီးမှာ မည်သို့မျှ ဖြေမဆည်နိုင် ဖြစ်နေလေသည်။ နောက်ဆုံးတွင် ရသေ့က အသင်မင်းကြီးသာလျှင် ကြေကွဲဝမ်းနည်းနေသည်။ မိဖုရားကြီးမှာမူ အစွဲအလန်းကြောင့် နွားချေးပိုးထိုးမ ဖြစ်ပြီး နွားချေးပိုးထိုးဖိုတစ်ကောင်ဖြင့် ပျော်ပါးနေလေပြီ ဟု မိန့်ဆိုရာ မင်းကြီးမှာ ယုံကြည်တော် မမူချေ။

ထိုအခါ ရသေ့သည် ဈာန်တန်ခိုးဖြင့် နွားချေးပိုးထိုး မောင်နှံအား ရှေ့တော်သို့ ရောက်လာစေပြီး ချေးပိုးထိုးမသည် ယခင်ဘဝက မိဖုရားကြီးဟုတ်မဟုတ် စစ်မေးရာ ဟုတ်မှန်ကြောင်း ဝန်ခံလေသည်။ ထို့နောက်ဘုရားလောင်းရသေ့က ဆက်လက်ပြီး ချေးပိုးထိုးမအား ယခင်ဘဝက မင်းကြီးနှင့်ယခု ချေးပိုးထိုး နှစ်ဦးအနက် မည်သူကို ပိုမိုမြတ်နိုးသနည်းဟု မေးမြန်းပြန်ရာ ချေးပိုးထိုးမက မဆိုင်းမတွပင် ယခုဘဝ ချေးပိုးထိုးဖိုကို သာလွန်ချစ်မြတ်နိုးကြောင်း ဖြေကြားလေတော့သည်။

မင်းကြီးလည်း ထိုစကားကို ကြားသောအခါ ပြင်းစွာအမျက်ထွက်ပြီးလျှင် မိဖုရားကြီး၏ရုပ်အလောင်းကို ခြေဖြင့်ကန်ကျောက်ခြင်း၊ အလောင်းထားသော ကြမ်းပြင်ကို ရေဖြင့်ဆေးကြောခြင်း၊ အလောင်းထားသော ကြမ်းပြင်မှ ပျဉ်တို့ကို ထုတ်နှုတ်ခြင်း၊ သင်္ဂြိုဟ်သည့်နေ့တွင် ရေအိုးကို ရိုက်ခွဲခြင်း စသည်တို့ကို ပြုလုပ်လေသည်။ထိုအစဉ်အလာကို မူတည်ပြီး နောက်နောင် အလောင်းများ သင်္ဂြိုဟ်ရန် အိမ်ပေါ်မှချသည့်အခါ ရေအိုးကို ရိုက်ခွဲခြင်း အလေ့အထ ဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။

ထို့အတူ လူသေအလောင်းအား ရေချိုးသန့်စင်ပေးခြင်းမှာလည်းလူနာသည် မသေခင်ကအမျိုးမျိုးသော ရောဂါပိုးတို့ကပ်တွယ်ကာဆီး၊ဝမ်းတို့ ညစ်ပေနေတတ်ပါသည်။ ဖျားနာနေမကောင်း ဖြစ်နေစဉ်အတွင်း ရေချိုးခြင်းလည်း မပြုလုပ်နိုင်ကြပါ။ ထိုအညစ်အကြေးများ၊ ပိုးမွှားများသည်တစ်ပါးသူတို့အား ကူးစက်နိုင်သလို လူသေကောင်အားလည်း လျင်မြန်စွာ ပျက်စီးစေတတ်ပါသည်။

ထိုသို့သောအကြောင်းကြောင့် လူသေပြီးလျှင် ရေချိုးပေးရခြင်း ဖြစ်သည်။ထို့အပြင် ခြေမ၊ လက်မ ကြိုးချည်ခြင်းမှာလည်း လူတို့သည် သေလွန်သောအခါ အကြောတို့ဆိုင်းပြီး ကောက်ကွေးလာတတ်ကြသည်။ အထူးသဖြင့် အိပ်ရာတွင် နာတာရှည်နေရ သောအခါ ခြေလက်များ ကောက်ကွေးနေတတ်သည်။

ထိုအခါ အမြင်အားဖြင့် မတင့်တယ်သလို အခေါင်းအတွင်း ထည့်သွင်းရာတွင်လည်း အဆင်မပြေ ဖြစ်တတ်သည်။ ထို့ကြောင့် လူသေပြီးခါစ ခြေလက်များ ပျော့ပျောင်းနေချိန်တွင် ခြေလက်များ ကြိုးချည်ပေးရာမှ ထိုအလေ့အထ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် လူသေပြီးနောက် သရဏဂုံတင်ခြင်းအကြောင်း မောင်တာနောဝတ္ထု၌ ဖော်ပြထားသည်ကို တင်ပြလိုပါသည်။ သရဏဂုံတင်ခြင်းသည် သူသေကို သရဏဂုံတင်နိုင်သည်မဟုတ်။ သေသူ၏ ဆွေမျိုးသားချင်းတို့သည် ၎င်းအတွက် ပရိဒေဝမီး တောက်လောင်နေခြင်းကြောင့် သရဏဂုံ ပျက်ကွက်နေတတ်ကြသည်။

ထိုသူတို့ သရဏဂုံ ပျက်ကွက်နေသည့်အတွက် သရဏဂုံ တင်စေခြင်း ဖြစ်သည်။အချို့က သူသေကိုပင် တရားနာရအောင်ဟူ၍ ခေါင်းကိုခေါက်ကာ ပြောကြားကြ၏။ ဤသို့ယူခြင်းကား မှားယွင်းသော အယူအဆတည်း။ မင်္ဂလာမောင်မယ်များအနေဖြင့် အရာရာကို သိပ္ပံအသိဖြင့် ချင့်ချိန်စဉ်းစားနိုင်သောအသိများ ပိုင်ဆိုင်နိုင်ကြပါစေ။ ခရက်ဒစ် ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)

Be the first to comment

Leave a comment

Your email address will not be published.


*