လွတ်ငြိမ်းခွင့်ရမည့် အနုပညာရှင်များထဲတွင် ပိုင်တံခွန်နှင့်ရဲတိုက် ပါဝင်နိုင်ဟု ၎င်းတို့၏ ရှေ့နေပြောဆို
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အနုပညာရှင်များထဲမှ ပြန်လည်လွတ်ငြိမ်းခွင့် ရမည့်သူများစာရင်းတွင် သရုပ်ဆောင် ပိုင်တံခွန်နှင့် ရဲတိုက် ပါဝင်နိုင်ကြောင်း ၎င်းတို့၏ ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့် က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။
“အခုက အမိန့်စာထုတ်လိုက်ပြီဆိုတော့ မနက်ဖြန်တော့ လွတ်လာမှာပါ။ ပိုင်တံခွန်ကတော့ ပါဖို့များမယ်။ ကိုရဲတိုက်ကျတော့ နှစ်မှုရှိတဲ့အထဲမှာ တစ်မှုက ၅၀၅ (က) နဲ့တော့ လွတ်ကောင်းလွတ်မယ်။ မူးယစ်အမှုက သီးခြား အရပ်ဖက်ပုဒ်မဖြစ်နေတော့ လွတ်မလွတ်က မသေချာသေးဘူး။ စောင့်ကြည့်ရမှာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ အရေးပေါ်အခြေနေကြေညာပြီးနောက်ပိုင်းတွင် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည့် လူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းခြင်းနှင့် အကျဉ်းကျနေသည့် လူ ၁၃၁၆ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (အောက်တိုဘာ ၁၈ ရက်) တွင် ထုတ်ပြန်ကြေညာထားသည်။
သရုပ်ဆောင်ပိုင်တံခွန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် ဧပြီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိနေအိမ်၌ ဖမ်းဆီးခဲခြင်းဖြစ်ပြီး သရုပ်ဆောင်ရဲတိုက်သည်လည်း လသာမြို့နယ်ရဲစခန်း၌ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အပြင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် ဘုရင့်နောင်ရဲစခန်း၌ အမှုဖွင့်ခံထားရခြင်းဖြစ်သည်။
ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရပြီး အမှုရုပ်သိမ်းပေးသည့်အနုပညာရှင်များထဲတွင်လည်း နွယ်ဒါလီထွန်း၊ သက်ထားစုစံ၊ ထက်အိမ့်(ခ) ထက်ထက်အိမ့်၊ ခင်ဝင့်ဝါ၊ ရတနာထွန်း(ခ)ကော်နီ၊ ညီထွဋ်ခေါင်၊ ထက်အောင်ရှိုင်း၊ စည်သူဝင်း၊ အိန်ဂျယ်လမုန်၊ အေးငြိမ်းဆွေ၊ မေ၊
ရတနာဗိုလ်၊ ခြူးစစ်ဟန်၊ ခေးဆက်သွင်၊ ထူးပိုင်ဇော်၊ နန်းခင်သက်ထား၊ ဆုအိမ့်စံ၊ ကျော်ရဲထွန်း၊ ဇင်အောင်၊ သံသာမိုးသိမ့်၊ မေမဒီ၊ သွန်းနေစိုး၊ ဖြူဖြူကျော်သိန်း၊ ချမ်းမြေ့မောင်ချို တို့ဖြစ်ပြီး လူမှုကွန်ရက်တွင် လူသိများထင်ရှားသူ ၁၀ ဦးလည်းပါဝင်ကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြမှုများရှိနေသည်။ crd သတင်း – စံတော်ချိန်
Be the first to comment