ဝါရင့်သက်ကြီး သဘင်ပညာရှင် ရွှေနန်းတင်၏ နောက်ဆုံးခရီးပုံရိပ်များ

ဝါရင့်သက်ကြီး သဘင်ပညာရှင် ရွှေနန်းတင်၏ နောက်ဆုံးခရီးပုံရိပ်များ

မြန်မာ့ဇာတ်သဘင် လောက၏ သက်တော်ရှည် ဇာတ်မင်းသားကြီး ရွှေနန်းတင်၏ ဈာပန အခမ်းအနားကို ယနေ့ (ဇွန် ၈ ရက်) ပုသိမ်ကြီးမြို့နယ် ရေထွက် သုသာန်တွင် ပြုလုပ်ပြီး ဂူသွင်းသဂြိုဟ်ခဲ့သည်။

ဇာတ်မင်းသားကြီး ရွှေနန်းတင်သည် ကွယ်လွန်ချိန်တွင် အသက် ၉၉ နှစ် ရှိပြီဖြစ်ကာ ဇွန် ၆ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းအောင် ရပ်ကွက်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

” ဖိုးဖိုးကြီး ကွယ်လွန်တာဟာ သဘင်လောက အတွက် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတခုပါပဲ ။ ရုပ်ရှင် ဘက်မှာဆိုရင် သက်တော်ရှည် ပညာရှင် အနေနဲ့ ဘဘဗိုလ်ကလေး တင့်အောင်၊ ဇာတ်သဘင်မှာဆိုရင် ဖိုးဖိုးကြီး ရွှေနန်းတင်ပေါ့။ အခုတော့ အဲဒီလို ပညာရှင်ကြီးတွေ မရှိတော့ပါဘူး။ ပြီးတော့ ဖိုးဖိုးကြီးက သူ့တသက်တာ လေ့လာဆည်းပူးခဲ့တဲ့ သဘင်ပညာရပ်တွေကို လက်ဆင့်ကမ်းပေးချင်ခဲ့ရှာတာ။ သူ့ပညာအမွေတွေကို လက်ဆင့်ကမ်းခံယူသူ အလွန်နည်းခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ” ဟု မြေးအရင်းဖြစ်သူ ကိုရဲနန်းဦးက ပြောသည်။

မင်းသားကြီး ရွှေနန်းတင်ကို ၁၂၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်တွင် အမျိုးသားစာဆို တေးရေးဆရာ နန်းတော်ရှေ့ဆရာတင်နှင့် ဇာတ်မင်းသမီးကြီး ဒေါ်ပေါ်လင်တင်တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် ရွှေနန်းတင်ဇာတ်အဖွဲ့ကို တည်ထောင်ကာ နိုင်ငံအနှံ့ လှည့်လည်ကပြခဲ့ပြီး ၁၉၆၉ တွင် “ပြည်သူတို့နှင့် ရင်းနှီးကျယ်ပြန့်စွာတွေ့ဆုံမည်” ဆိုသော ဆောင်ပုဒ်နှင့်အညီ မန္တလေးတွင် အခြေစိုက်ကာ ဗလာဇာတ်ကို စတင် ကပြခဲ့ပြီးနောက် သဘင်ရာသီ ၁ နှစ်လျှင် ပွဲချီပေါင်း ၃၀၀အထိ မနားတမ်း ကပြခဲ့ရ သည်ထိ အောင်မြင်ခဲ့သည်။

ကိုယ်တိုင်ရေး ပြဇာတ်များဖြစ်သော “ပွင့်ဖူးကြာလား မှော်စာလား”၊ “ငရဲခန်းလား၊ ဘုံခန်းလား”၊ “မောင်ငယ်လူထွေး” ပြဇာတ်များမှာ လူသိများထင်ရှားသလို နောက်ပိုင်းဇာတ်တော်ကြီးများ အနေဖြင့်လည်း “အဇာတသတ် သရ ဏဂုံတည် ”၊ “မဟာပရိနိဗ္ဗာန”၊ ဇာတ်ထုပ် များမှာလည်း လူသိများ ထင်ရှားသည်။

မင်းသားကြီးရွှေနန်းတင်သည် မြန်မာ့ဇာတ်သဘင်လောကတွင် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့သော သက်တော်ရှည် ဝါရင့်ဇာတ်သဘင် ပညာရှင်ကြီးတဦးဖြစ်ပြီး အလင်္ကာကျော်စွာဘွဲ့၊ စည်သူဘွဲ့၊ သဘင့်ပါရဂူဘွဲ့များလည်း ရရှိခဲ့ကာ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး နာယက၊ မြန်မာ့ရုပ်စုံသဘင်ပညာရှင်များအသင်း နာယက၊ ယဉ်ကျေးမှုတက္ကသိုလ် အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ထို့ပြင် သူ့ဘဝတလျှောက် ဖြတ်သန်းခဲ့ရသည့် ဇာတ်သဘင် လောက အတွေ့ အကြုံများနှင့် တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေသော ဇာတ်စာ၊ ဇာတ်စကားတို့ ဖော်ပြပါရှိသော ‘ သဘင်သည်ဘဝ အတွေ့အကြုံ’ စာအုပ်ကို ၂၀၂၁ တွင် ထုတ်ဝေခဲ့သည်။

ရွှေနန်းတင်သည် မင်းသမီးကြီး ဒေါ်ခင်စန်းတင်နှင့် လက်ထပ်ခဲ့ပြီး နန်းခင်အေး၊ နန်းဝင်း (ဇာတ်မင်းသား) ၊ နန်းခင်မွှေး (ဇာတ်မင်းသမီး)တို့ ထွန်းကားခဲ့ကာ ဒေါ်နန်းခင်အေးသည် ထပ်ဆင့် အကယ်ဒမီငြိမ်းမင်း (မြန်မာစာဆရာ ဦးမျိုးအောင်) ၏ ဇနီးဖြစ်သလို ဦးနန်းဝင်း၊ ဒေါ်နန်းခင်မွှေးတို့သည်လည်း နိုင်ငံကျော် သဘင်ပညာ ရှင်များ ဖြစ်ကြသည်။

crd ; ဓာတ်ပုံ – ဧရာဝတီ

Be the first to comment

Leave a comment

Your email address will not be published.


*