သာမညဖလအခါတော်နေ့ သို့မဟုတ် တန်ဆောင်မုန်း လပြည့်ည အကြောင်း

သာမညဖလအခါတော်နေ့ သို့မဟုတ် တန်ဆောင်မုန်း လပြည့်ည အကြောင်း

တန်ဆောင်မုန်း လပြည့်နေ့ကို သာမညဖလအခါတော်နေ့ အဖြစ် သတ်မှတ်တာကတော့… အဇာတသတ်ဘုရင်ကြီးကို ရဟန်းပြုရခြင်းရဲ့ အကျိုး သာမညဖလသုတ္တန်ကို ဟောကြားတဲ့နေ့ ဖြစ်လို့ပါပဲ။

မဲဇလီဖူးသုတ် စားမယ်။ ခိုးမယ်။ ဝှက်မယ်။ ပျော်မယ်။ ပါးမယ်။ ဒီလောက်လေး မှတ်ထားလို့ မဖြစ်ပါဘူး။ တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ ဆိုတာ အဖကိုသတ်မိလို့ဘအိပ်မရတဲ့ အကုသိုလ်ဝေဒနာနဲ့ အစပျိုးခဲ့တာ ဖြစ်ပါတယ်။

ဂေါတမဘုရားရှင်လက်ထက်တော် အခါက တန်ဆောင်မုန်းလပြည့်ညမှာ… အဇာတသတ်ဘုရင်ကြီးဟာ မှုးမတ်ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင် ဆင်ယင်ကျင်းပနေပါတယ်။ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝ ကင်းစင်ပပြီးကြည်နူးသာယာဖွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့်ညရဲ့ အလှအပကို ကြည့်ပြီးအဇာတသတ်မင်းကြီးက…

၁။ရမဏီယာ ဝတ

မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။

၂။အဘိရူပါ ဝတ

အလွန်လှပသော ညပါတကား။

၃။ဒဿနီယာ ဝတ

ရှုဖွယ်ကောင်းသော ညပါတကား။

၎။ပါသာဒိကာ ဝတ

ကြည်လင် ရွှန်းပသော ညပါတကား။

၅။လက်ခညာ ဝတ

မေ့မရနိုင်သော ညပါတကား လို့ စကားငါးခွန်းနဲ့ ချီးမွမ်းတော်မူပါသတဲ့။

အဇာတသတ်မင်းကြီးဟာ… အဖေကိုသတ်မိတဲ့ အကုသိုလ်ကံကြောင့်အလွန် ကြည်နူးသာယာဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကိုမခံ စားနိုင်ဘဲ အိပ်စက်မရအောင် ဖြစ်နေပါတယ်။

အဇာတသတ်မင်းကြီးဟာ… ငယ်ရွယ်စဉ်အခါမှာဒေဝဒတ်ကိုဆရာ တင်မိပြီးအပေါင်းအသင်း မှားခဲ့တဲ့အတွက်ဖခင်ဘုရင်ကြီးကို သတ်မိသည်အထိ ဆိုးသွမ်းခဲ့ဖူးတာအားလုံး သိပြီးသား ဖြစ်မှာပါ။ ပဉ္စာနန္တရိယ ကံကြီးထိုက်ပြီးတဲ့ အချိန်ကစလို့ အိပ်မပျော်တဲ့ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။အဲဒီဝေဒနာပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစားမရ ဖြစ်နေခဲ့တာပါ။

ဒါကြောင့်… အမတ်တွေအကြံပေးတဲ့အတိုင်း တိတ္ထိဆရာကြီး ( ၆ )ယောက်တို့ထံ သွားရောက်ခဲ့ပါတယ်။ အဇာတသတ် မင်းကြီးက သူသိလိုတဲ့သာမညဖလ( ရဟန်းပြုခြင်းရဲ့ အကျိုး )ကို မေးတဲ့အခါမှာ ကျေနပ်လောက်တဲ့အဖြေကိုမရတဲ့အတွက် ပြန်လာခဲ့ရပါတယ်။

နောက်တော့မှ… သမားတော်ကြီး ဇီဝကကျေးဇူးကြောင့် ဘုရားရှင်ကိုဖူးတွေ့မေးမြန်း သိရှိပြီးမှအိပ်စက်လို့ ရသွားပါတော့တယ်။ အဇာတ သတ်မင်းကြီး… ဘုရားရှင်ကို အဖူးအမြှော် သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ကလေးပေါ့။

အဲဒီအချိန်မှာ မြတ်စွာဘုရားဟာ… ရာဇဂြိုဟ်မြို့အနီး သမားတော်ကြီးဆရာဇီဝက လှူဒါန်းထားတဲ့ သရက်ဥယျာဉ်မှာ သီတင်းသုံးနေတဲ့အချိန် ဖြစ်နေပါသေးတယ်။ သရက်ဥယျာဉ်ထဲမှာပဲ ဘုရားရှင်ဟာ အဇာတသတ်မင်းကြီးကို သာမညဖလသုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။

အလွန်သာယာလှပတဲ့ တောတောင်ရိပ်နဲ့ လပြည့်ညမှာ ဟောကြားတော် မူတဲ့ တရားတော်ဟာ နောင်တတစ်ဖန် ပူပန်မှုတွေနဲ့ ဆူပွက်လောင်မြိုက်နေတဲ့ နှလုံးသားကို အေးချမ်းသာယာမှုအပေါင်း ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။ အဲဒီသာမညဖလသုတ္တန်ဟာ… ဒီဃနိကာယ်၊သီလက္ခန္ဓဝဂ္ဂ ပါဠိတော်မှာပါရှိပါတယ်။

ရဟန်းသံဃာတော်တွေ အတွက် ကြေးမုံမှန်တစ်ချပ်သဖွယ်ဖြစ်ပြီး ကိုယ်ကျင့်သီ လ ရှိတယ် မရှိဘူးဆိုတာကို ဤသုတ္တန်ဖြင့် ထင်ဟပ်စေနိုင်ပါတယ်။ ရဟန်းပြုခြင်း အကျိုးတွေကိုဟောကြားတဲ့နေ့ဖြစ်တဲ့အတွက်တန်ဆောင်မုန်း လပြည့်နေ့ကိုသံဃာတော်များနေ့ လို့ ခေါ်ဆိုခဲ့တာကိုလည်း မှတ်သားထားလိုက်ကြပါဦးနော်…

သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့…

၁။မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။

၂။အခွန်ထမ်းဆောင်မှုမှ လွတ်ကင်းခြင်း အကျိုး။

၃။ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။

၎။ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း အကျိုး။

၅။ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသော စကား အမျိုးမျိုးတို့မှရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့် ပြည့်စုံခြင်း အကျိုး။

၆။နက္ခတ်ဗေဒင်၊ ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှရှောင်ကြဉ်သဖြင့်အာဇီဝ ပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း အကျိုး။

၇။ဣနြေ္ဒ ၆ပါး၌ အကုသိုလ်မဖြစ်အောင်ေ စာင့်စည်းနိုင်ခြင်း အကျိုး။( ဤသည်တို့ကားအခြေခံသီလများ ဖြစ်ပါသည် )။

၈ ။သတိနှင့် ပြည့်စုံခြင်း အကျိုး။

၉။သမ္ပဇဉ် ( ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။

၁၀။သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။

အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီတရားများနှင့်ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အောက်ပါအကျိုးများကိုလက်တွေ့ခံစား ရရှိနိုင်ပါသေးတယ်။

၁၁။နီဝရဏငါးပါးမှ လွတ်ကင်းခြင်း အကျိုး။

၁၂။ဈာန်တရား ရနိုင်ခြင်း အကျိုး။

၁၃။ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုး။

အဇာတသတ်မင်းကြီးဟာ… သာမညဖလသုတ္တန်ကို နာယူလိုက်ရတဲ့ အချိန်ကစပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင် ယုံကြည်လာပြီး ပုထုဇဉ်များထဲမှာ…ရတ နာသုံးပါးကို အကြည်ညို ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့အမှားကိုလည်း နောင်တဖြစ်ပြီး သတိတရားရလာခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော်ကို အသက်ပေးပြီးကြည်ညိုလာတဲ့သူ ဖြစ်လာပါတယ်။မြတ်စွာဘုရား… တပည့်တော်သည်… မိုက်၍ တွေဝေ၍ မလိမ်မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။

တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် (အာဏာ)ဟူသော အကြောင်းကြောင့် တပည့်တော် သတ်မိခဲ့ပါ၏။တပည့်တော်၏ ထိုအပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှာ အပြစ် ဟုမြတ်စွာ ဘုရားက လက်ခံတော် မူပါဘုရားလို့ ဘုရားရှင်ထံပါးမှာ လျှောက်ထားခဲ့ပါတယ်။

မင်းကြီး… အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွကုစား ၏။နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစားစောင့်စားခြင်းသည် အရိယာ၏ ဝိနည်းအဆုံးအမ၌ကြီးပွားခြင်းပင်တည်း ဟုပြန်လည်မိန့်တော်မူပြီးစိတ်သက်သာရာ ရစေခဲ့ပါတယ်။

နောက်တော့… သူဟာ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ဒါယကာအဖြစ် ခံယူ ကူညီခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော်နှစ်ကိုအတိအကျ သတ်မှတ်ပေးခဲ့ပါတယ်။ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ယနေ့တိုင်အောင် ထိန်းသိမ်းထားနိုင်တာတွေ ဓာတ်တော်များကို ရှာဖွေပြီးစုဆောင်း ထိန်းသိမ်းထားခဲ့လို့သာ သီရိဓမ္မာသောကမင်းကြီးက…စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုနိုင်တာတွေဟာ အဇာတသတ်မင်းကြီးရဲ့ ကျေးဇူးလို့ နားလည်လက်ခံရမှာ ဖြစ်ပါတယ်။

အဇာတသတ်မင်းကြီး… ဘုရားရှင်ကို အဖူးအမြှော် သွားရောက်တဲ့ အချိန်ဟာ တန်ဆောင်မုန်းလပြည့်ညချမ်းချိန်ခါကလေးပေါ့။နန်းတော်ကနေ ဘုရားကျောင်းဆောင်ဆီကို သွားတဲ့အခါ နန်းမြို့တော် အရှေ့ဘက် တံခါးကနေထွက်ရလို့အရှေ့ဘက်မှာရှိတဲ့တောင်ရိပ်နဲ့ သစ်ပင်အရိပ်များဟာလူသွားလမ်းပေါ် ကျရောက်နေလို့မှောင်မဲနေတာပေါ့။

ဒါကြောင့်…လိုက်ပါလာသူတွေအားလုံးဟာ…မီးရှူး မီးတိုင်တွေ အလင်းရောင်တွေထွန်းညှိပြီး သွားရောက်ခဲ့တာက အစပြုလို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဟာ… ဘုရားရှင်ကို ပူဇော်ပွဲ အလေ့အထအဖြစ်စတင် ဖြစ်တည်လာခဲ့ပါတယ်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားလိုက်ရတဲ့ အဇာတသတ်မင်းကြီး အဖို့မှာလည်း တရားအဆုံးမှာ သောတာပန်တည်နိုင်တာပေါ့။ဒါပေမဲ့ သူကျူးလွန်ခဲ့တဲ့ ကံက မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တားမြစ်ထားခဲ့ပါတယ်။ဒါကို ကိုယ်က သင်္ခန်းစာ ယူရမယ်နော်… အဇာတသတ်မင်းကြီးဟာ… ဒီဘဝမှာ မဂ်ဉာဏ် မရနိုင်တာကို သိပေမယ့်အားတော့ မလျှော့ပါဘူး။ကျေးဇူးတော်ရှင် မြတ်စွာဘုရားကိုကြည်ညိုပြီးသာသနာကို ကြိုးစား စောင့်ရှောက်ခဲ့ပါတယ်။

၁။အိပ်မပျော်တဲ့ ရောဂါဝေဒနာ ငြိမ်းအေးသွားခဲ့ပါတယ်။

၂။ရတနာသုံးပါးကို နှစ်နှစ်ကာကာ ယုံကြည်လာပါတယ်။

၃။ပုထုဇဉ်တွေထဲမှာ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ်မှတ်တမ်းတင်ခံရပါတယ်။

၎။အပြစ်ကြီးလေးသော မဟာအဝီစိ ငရဲမှာ မခံစားရတော့ဘဲ အပြစ်ပေါ့တဲ့လောဟကုမ္ဘီငရဲမှာသာ ခံရပါတော့တယ်။

၅။နောင် အနာဂတ်ကာလမှာ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ပြီးကျွတ်တမ်းဝင်ရပါလိမ့်မည်။

ပိုင်းလော့ဆရာတော်ကြီးရဲ့ လင်္ကာလေးကို ပြောပြပါမယ်။

ကိုယ် မိုက်- မိုက်မှန်းသိ လူမိုက် ပညာရှိ။

ကိုယ်ဆိုး- ဆိုးမှန်းသိ လူဆိုး ပညာရှိ။

ဆိုးလျက်နဲ့ပင် တော်သည်ထင် ဆိုးမြဲ ဆိုးမည်ပင်။

အဇာတသတ်မင်းသားကိုနမူနာယူပြီး သံသရာမှာ ကိုးကွယ်ဆည်းကပ်သင့်တဲ့ ဆရာမှားခဲ့လို့ ရခဲ့တဲ့ ဆိုးကျိုးတွေအပေါ် သင်္ခန်းစာ ယူနိုင်ကြပါစေ…မူရင်း- Crd

Be the first to comment

Leave a comment

Your email address will not be published.


*