တစ်ခါပေါက်ဖို့တောင်မလွယ်တဲ့ ထီဆုကြီးကို သုံးနှစ်အတွင်း သုံးကြိမ်အထိ ပေါက်ခဲ့တဲ့ ကံကောင်းလွန်းလှတဲ့ အမျိုးသမီး
အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ် မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ကံကောင်းမှုကတော့ တကယ့်ကို အံ့သြ စရာပါ။ အသက် (၆၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဒီ အမျိုးသမီးဟာ Bethesda ကောင်တီထဲကအဖျော်ယမကာ ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ ငါးဒေါ်လာတန် ခဲခြစ်ထီ လက်မှတ် နှစ်စောင်ကို ဒီလထဲမှာ ဝယ်ယူခဲ့တာပါ။
ပထမ တစ်စောင်ကို ခဲခြစ်လိုက်တဲ့ အချိန်မှာ ဘာမှ မထူးခြား ခဲ့ပေမယ့် ဒုတိယမြောက် လက်မှတ်ကို ခဲခြစ်လိုက် ချိန်မှာတော့ ဆုကြီးဖြစ်တဲ့ ဒေါ်လာ ၅၀၀၀၀ ဆု ပေါက်နေတာကို တွေ့ခဲ့ရ ပါတယ်။
ဒီအမျိုးသမီးကြီးဟာ ဒီဆုကို ၂၀၁၈ ခုနှစ် အတွင်းမှာ နှစ်ကြိမ်ပေါက် ခဲ့ဖူးပြီး ဒီဆိုင်မှာပဲ ပေါက်ခဲ့တာပါ။ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ဒီဆိုင်ကနေ ဒေါ်လာ ၅၀၀၀၀ တန် ဆုကြီးကို စတင်ပေါက်ခဲ့တဲ့ သူဟာ အောက်တိုဘာလ အတွင်းမှာလည်း နောက်တစ်ကြိမ် ထပ်မံ ပေါက်ခဲ့ပြန်တာပါ။
မေရီလန်းပြည်နယ်၊ ထီဌာနရဲ့ မှတ်တမ်းတွေ အရတော့ ဒီအမျိုးသမီးကြီးဟာ သုံးနှစ်အတွင်း ထီဆုကြီး သုံးကြိမ်ပေါက် ခဲ့တဲ့ ပထမဆုံး အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့ပြီး သူ့ရဲ့ ကံကောင်းမှုတွေဟာ ဘယ်အချိန်မှာ ရပ်တန့်သွားမယ်ဆိုတာ မသိနိုင်အောင်ပဲ ဖြစ်ခဲ့ရတာပါ။
ထီဌာနရဲ့ တာဝန်ရှိသူတွေကတော့ ဒီအမျိုးသမီးကြီး ဒီလောက် ကံ ကောင်းနိုင်ပါ့မလားလို့ မေးခွန်းထုတ်နေကြပါတယ်။ မေရီလန်းရုံးချုပ်က အရာရှိ တစ်ယောက်ကတော့ “ ဒီလို ထပ်ပြီး ကံကောင်းသွားတာ ယုံနိုင် စရာတောင် မရှိဘူး” လို့ တတိယအကြိမ် ထီပေါက်သွားခဲ့တဲ့ အမျိုးသမီးကြီးအပေါ် မှတ်ချက်ပေးပါတယ်။“လူတွေနေ့တိုင်း ကစားနေကြတာပါ။ ဒါပေမယ့် တစ်ကြိမ်ပေါက်ဖို့ဆိုတာတောင် မလွယ်တဲ့ကိစ္စပါ” လို့ အရာရှိက ဆိုပါတယ်။ သတင်း – စံတော်ချိန် /Ref ; CNN
Be the first to comment