သို့ … တနင်္ဂနွေ (ဖတ်ပြီး မငိုရ)

သို့ … တနင်္ဂနွေ (ဖတ်ပြီး မငိုရ)

“သားရေ.. ဒီကနေ့ ဘာနေ့လဲကွယ့်” သားဖြစ်သူက ” တနင်္ဂနွနေ့လေ အမေရဲ့.. ကျွန်တော် ရုံးပိတ်လို့ အိမ်မှာ ရှိနေတာ မမြင်ဖူးလား။” လို့ နည်းနည်း ကသိကအောင့်နဲ့ ပြန်ဖြေလိုက်တယ်။

“အော်.. အေးကွယ်.. ငါ့သားဒါ့ကြောင့် ဒီနေ့အိမ်မှာ ရှိနေတာကိုး။ အမေက သားကိုတွေ့လို့ မေးကြည့် တာပါ။” ဆိုပြီး အမေအိုက ပြန်ဖြေရှာပါတယ်။ သိပ်မကြာခင် အမေအိုက “သားရေ.. ဒီနေ့ ဘာနေ့လဲ။” လို့ မေ့ပြီးတော့ ထပ်မေးမိပြန်တယ်။

“ဟာ.. အမေကလဲ။ ခုနကတင် ပြောပြီးပြီ ဒီနေ့ တနင်္ဂနွေ နေ့ လို့ဆို။ ကျွန်တော်ရုံးပိတ်တယ် လေ အမေ သားဖြစ်သူ အသံ နည်းနည်း မာလာတယ်။ အမေအိုက “အေး..အေး.. ” လို့ပဲ ပြန်ပြော ရှာတာပေါ့။

ဒီတော့လည်း သား ဖြစ်သူက အမေလုပ်သူကို သနားသွားပြီး ” အမေ.. ဒီနေ့ ဘယ်လျှောက်လည် ချင်လဲ ပြောလေ။ သားရယ် အမေ့ ချွေးမ ရယ် အမေရယ် သုံးယောက် လျှောက်လည်ကြတာပေါ့။” လို့ ချော့တယ်။

ဒီအခါ အမေအိုက ဝမ်းသာသွားပြီးတော့ “အမေ့ မမေးပါနဲ့ သားရဲ့။ သားတို့သွားချင်တဲ့ နေရာသွား။ အမေက သားတို့နဲ့ လျှောက်သွားရတာပဲ ပျော်လှပြီ” လို့ပြန်ပြောတယ်။ သားဖြစ်သူလဲ သူ့အမေရယ် မိန်းမရယ်ကို ခေါ်ပြီး ဘုရား သွားဖူးကြတယ်။

ဘုရားပေါ်တက်တဲ့ တလျှောက်လုံး သားဖြစ်သူဟာ သူ့အမေကို စိတ်ပျက်စ ပြုလာတယ်။”အမေရယ်.. မြန်မြန်လျှောက်.. ဟိုမှာ ဓာတ်လှေကား ပိတ်တော့မယ်ဗျ။ အထဲက လူတွေ အားနာစရာ။” “အမေ့ ကြည့်ရတာ လမ်းတောင်မလျှောက်နိုင် တော့ဘူးလားဗျာ။ စောစောစီးစီးပြောရောပေါ့။

ဒီလိုမှန်းသိရင် အိမ်မှာပဲ နေပြီး တစ်ခုခု လုပ်နေလို့ ရတာပေါ့” “အမေ.. ဖိနပ် မစီးရဘူးလေ ဘုရားပေါ်”စသဖြင့် တစ်ခုပြီးတစ်ခု သူ့အမေကို အပြစ်တင်တာ။အမေအိုကလဲ “ဪ.. အေးပါကွယ် အေးပါ” လို့ပြောပြီး သုတ်သုတ် သုတ်သုတ် နဲ့ လျှောက်ရှာတယ်။

ဘုရားပေါ် ရောက်တော့လဲ အမေအို ဘုရားရှိခိုးပြီး တိုင်း တွဲထူ တွဲထိုင် နဲ့ ချွေးမ လုပ်သူရော သားဖြစ်သူပါ ငြိုငြင် လာ တော့ အမေအိုလဲ “သားရယ်.. အမေတို့ အိမ်ပဲ ပြန်ကြတာပေါ့။ သား တို့ လင်မယား အမေ့ အတွက်နဲ့ ပင်ပန်းလှပါတယ်” လို့ ပြောရှာ တယ်။ ဒီတော့မှ သူတို့ အိမ်ပြန်ဖြစ်ခဲ့ကြတယ်။

ဒီလိုနဲ့ တစ်ရက်တော့ အမေအို လူကြီးရောဂါနဲ့ပဲ သေဆုံးသွားခဲ့တယ်။အသုဘကိစ္စတွေ လုပ်လို့ အားလုံးအပြီးမှာ အမေအိုရဲ့ အခန်းထဲ ဝင်ရှင်းရင်း ဒိုင်ယာရီ စာအုပ်လေး တစ်အုပ်ထွက်လာတယ်။သားလဲ ဖွင့်ဖတ်ကြည့်ရင်းနဲ့ တစ်နေရာ ရောက်တော့ သူ့ မျက်လုံး တွေ ဝိုင်းစက်သွားတယ်။ သူဖတ်နေရင်းနဲ့ အမေ့ကို ပြောခဲ့ မိတာတွေ အတွက် နောင်တရမဆုံး ဖြစ်မိပြီး ငိုကြွေး နေခဲ့မိတယ်။

စာမှာ ရေးထားတာက –

သို့ တနင်္ဂနွေ/

ဒီနေ့ မှတ်မှတ်ရရ တနင်္ဂနွနေ့ပေါ့။ သားလေး မနက်ဖြန်ဆိုရင် ပထမဆုံး ကျောင်းတက်ရတော့မယ်။ ဒါနဲ့ အထိမ်းအမှတ် အဖြစ် ယောင်္ကျားရယ် ကျွန်မရယ် သားလေး လက်ကို ဆွဲလို့ ဘုရားကို ထွက်ခဲ့ကြတယ်။

လမ်းမှာ သားကမေးတယ် “မေမေ ဒီနေ့ ဘာနေ့လဲ” တဲ့။ ကျွန်မက တနင်္ဂနွနေ့ လို့ ခေါ်တယ် သားရဲ့ လို့ သူ့ကို ပြောပြတာ ကို သဘောကျလို့ ရယ်တာလေ သူက။ပြီးတော့ ထပ်မေးတယ် “မေမေ ဒီမေ့ဘာနေ့လဲတဲ့။”

ကျွန်မကလဲ “ဒီနေ့ တနင်္ဂနွနေ့ လို့ခေါ်တယ် သားရေ” လို့ ထပ်ပြောပြ တော့ သူ သဘော ထပ်ကျ ပြန်တယ်။ ချစ်စဖွယ် ရယ်ပြန်တယ်။ဒီလိုနဲ့ဘုရား သွားတဲ့ တစ်လမ်းလုံး တနင်္ဂနွေ အမေးအဖြေ လုပ်လာ တာ နောက်ဆုံး ယောင်္ကျား ဖြစ်သူက နားငြီး တယ် ပြောလို့တောင် ကျွန်မနဲ့ ရန်ဖြစ် ကြသေးတယ်။

ဘုရား ပေါ်တက်ကြတော့ သားငယ်ကို လမ်းလျှောက်ခိုင်းတယ်။ မေမေ ဒီနေ့ တော့ မချီဘူးလို့။ မနက်ဖြန် စတိတ်ကျောင်းသားကြီး ဖြစ်တော့ မှာလေ ကျွန်မသားက။အဲ့လိုနဲ့ လင်မယားနှစ်ယောက် သားလေးကို လက်တွဲ လို့ ဒီကနေ့ ဘုရားဖူး ထွက်ရတာ ကျွန်မ တစ်သက်မှာ ပျော်စရာ အကောင်းဆုံး ပါပဲ။ဒီနေ့ လေး လို ပျော်စရာ ကောင်းတဲ့ တနင်္ဂနွေ တစ်ရက် နောက်လဲ ပြန်ရဖို့ အမြဲမျှော်နေမိမှာပဲရှင်။ ခရက်ဒစ် (မေတ္တာဖြင့်)

Be the first to comment

Leave a comment

Your email address will not be published.


*