သုံးစွဲသူတွေရဲ့ အကောင့်တွေထဲကို အကြိမ်ရေ ၇၅၀၀၀ ကျော် ဒေါ်လာ ၁၇၅ သန်းကို မှားလွှဲမိခဲ့တဲ့ဘဏ်
ဗြိတိန်နိုင်ငံထဲက နာမည်ကြီးဘဏ်တစ်ခုဖြစ်တဲ့ ဆန်တန်ဒါဘဏ်ကတော့ ခရစ္စမတ်နေ့မှာ ဒေါ်လာ ၁၇၅ သန်းကို ဘဏ်သုံးစွဲသူတွေရဲ့အကောင့်တွေထဲ မှားယွင်းပြီးလွှဲခဲ့မိပါတယ်။ စီးပွားရေးလုပ်ငန်း ၂၀၀၀ ကျော်ရဲ့အကောင့်တွေနဲ့ အခြားဘဏ်အကောင့်တွေထဲကို မှားယွင်းလွှဲပြောင်းမှု အကြိမ် ၇၅၀၀၀ ကျော် ပြုလုပ်ခဲ့မိတာဖြစ်ပြီး မနေ့ကမှ ဘဏ်ကနေ အဲဒီအကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းတွေကြောင့် အခုလို ဖြစ်သွားခဲ့တဲ့အပေါ် ဘဏ်အနေနဲ့တောင်းပန်ကြောင်းနဲ့ မှားယွင်းပြီး လွှဲထားမိတဲ့ ဘဏ်အကောင့်တွေဆီကနေ ပြန်လည် လွှဲပြောင်းရယူသွားမှာ ဖြစ်တဲ့အကြောင်း ဘဏ်ရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်တာပါ။
ဘဏ်အသုံးပြုသူ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လစာပေးချေမှုတွေ၊ ငွေပေးငွေယူ ကိစ္စတွေမှာ မှားယွင်းပြီး ငွေလွှဲခဲ့မိတာဖြစ်ပြီး တချို့အကောင့်တွေကို နှစ်ကြိမ်ထက်ပိုပြီး လွှဲခဲ့မိတာဖြစ်တယ်လို့ ဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ဆန်တန်ဒါဘဏ်ဟာ စပိန်နိုင်ငံအခြေစိုက် ဘဏ်လုပ်ငန်းအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာလုံးအနှံ့မှာ ဘဏ်ခွဲတွေ ဖွင့်လှစ်ထားခဲ့တာပါ။ဆန်တန်ဒါဟာ ဗြိတိန်နိုင်ငံအတွင်းမှာ ဘဏ်ခွဲပေါင်း ၆၁၆ ခု ရှိထားပြီး နိုင်ငံတွင်းမှာ ဘဏ်ဝန်ဆောင်မှုကို အသုံးပြုသူ ၁၄ သန်းကျော်ရှိပါတယ်။
ဒီလို မှားယွင်းလွှဲပြောင်းမှုဟာ ဘဏ်တွေရဲ့ မှတ်တမ်းမှာ အဆိုးဆုံးလွှဲပြောင်းမှု မဟုတ်ခဲ့ဘဲ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ထဲမှာ အမေရိကန်ဘဏ်တစ်ခုဖြစ်တဲ့ စီးတီးဘဏ်ဟာ ရယ်ဗလွန်အလှကုန်လုပ်ငန်းဆီကို ဒေါ်လာ သန်းပေါင်း ၉၀၀ ကို မှားယွင်းပြီး လွှဲခဲ့မိပါသေးတယ်။
ရယ်ဗလွန်ကုမ္ပဏီဟာ သူတို့ဆီကို မှားယွင်းပြီး ရောက်ရှိလာတဲ့ငွေတွေကို ပြန်လည်ပေးသွင်းခြင်း မပြုခဲ့တာကြောင့် စီးတီးဘဏ်ဟာ တရားရုံးကနေ ဒေါ်လာ သန်း ၅၀၀ ပြန်လည်ရယူလိုတဲ့အကြောင်း လျှောက်တင်ခဲ့ရတာပါ။
ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ တရားရုံးက စီးတီးဘဏ်အနေနဲ့ သူတို့ မှားယွင်းလွှဲမိထားတဲ့ ငွေကြေးတွေကို ပြန်လည်ရယူခွင့် မရှိဘူးလို့ ဆုံး ဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ် / ကိုးကား – CNN
Be the first to comment