သရုပ်ဆောင် ဦးဇင်ဝိုင်း ထပ်မံဖမ်းဆီးခံရသည်ဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင် ဒါရိုက်မောင်မျိုးမင်းမှ အတည်ပြုပြောကြား
သရုပ်ဆောင် အကယ်ဒမီ ဦးဇင်ဝိုင်း ထပ်မံဖမ်းဆီးခံရသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ဒါရိုက်တာမောင်မျိုးမင်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ အတည်ပြုပြောကြားခဲ့သည်။
“ညက ဦးဌေးနဲ့ စကားပြောပြီးပါပြီ။ ပြန်ဖမ်းဆီးခံရတယ်ဆိုတာ မဟုတ်ပါဘူး။ သတင်းဟောင်းကို ပြန်ဖွတာပါ။ ဦးဌေး ကျန်းကျန်းမာမာရှိပါတယ်။ စိတ်ပူပေးသူတွေ ဦးဌေးသတင်းက သတင်းအမှားပါ” ဟု ဒါရိုက်တာမောင်မျိုးမင်းကပြောသည်။
အဆိုပါသတင်းမှားရေးသားဖော်ပြခဲ့သည့်အချက်များသည် ဦးဇင်ဝိုင်းအားတမင် စောင့်ကြည့်အောင် မကောင်းသည့်စိတ်ဖြင့် ရေးသားကြခြင်းဖြစ်ကြောင်း ဦးဇင်ဝိုင်းနှင့် ရင်းနှီးသူတစ်ဦးက မှတ်ချက်ပြု ပြောကြားခဲ့သည်။
အဆိုပါသတင်းမှားတွင်ပါဝင်သည့်အချက်များဖြစ်သည့် သရုပ်ဆောင် ဦးဇင်ဝိုင်းသည်ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊ ဒေသခံကာကွယ်ရေးတပ်ထဲရောက်နေသည့် သားဖြစ်သူအားဆက်သွယ်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကိုလှို့ဝှက်ထောက်ပံ့ခြင်း စသည်များ လုပ်ဆောင်ခဲ့သဖြင့် ပြန်လည်ဖမ်းဆီးခံရကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင်ရေး သားခဲ့ကြသည်။
“တစ်ခုမှမဟုတ်ဘူး။ ဖခင်တယောက်အနေနဲ့တော့သူပူပန်မှာပဲ။ ဒါပေမယ့် သူ့ကိုယ်သူလည်းသိတယ် ။ အခုကအခြေအမြစ်မရှိတာတွေကိုတဖက်လူ ဒုက္ခရောက်အောင် လုပ်ကြံရေးသားတယ်။ ဒီလို လူတွေကြောင့် တကယ့်မီဒီယာတွေပါ အထင်အမြင်လွဲခံရတယ်။
ဦးဌေးဟာ ပြန်လွတ်လာကတည်းက ကျန်းမာရေးအတွက် အထူးဂရုစိုက်နေနေရတဲ့သူပါ။ နဂိုကျန်းမာရေးမကောင်းတာကြောင့် စိတ်သောကရောက်နေတဲ့သူကို အခုလို လုပ်ကြံဖန်တီးပြီး ရေးတာကတော့ ယုတ်ညံ့တဲ့စိတ်နဲ့လုပ်တယ်လို့ပဲမြင်တယ် “ဟုအမည်မဖော်လိုသည့် ဦးဇင်ဝိုင်းနှင့်ရင်းနှီးသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၀ ရက်အထိဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်ခဲ့ရာတွင် ပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် နာမည်ကြီး အနုပညာရှင် တစ်ချို့ဖမ်းဆီးခံထားရသလို တစ်ချို့သည်တိမ်းရှောင်နေရဆဲဖြစ်သည်။ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် အနုပညာရှင်များအနက် ၂၄ ဦးကို အမှုရုပ်သိမ်းပေးလိုက်ကြောင်း ပြီးခဲ့သည့် ဇွန် ၂၉ ရက်တွင် နစက က သတင်းထုတ်ပြန်ခဲ့ပါသည်။
ဖမ်းဆီးထိန်းသိမ်းထားသည့် နာမည်ကြီး အနုပညာရှင်များတွင် ဇာဂနာ၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စောဖိုးခွား၊ ပိုင်တံခွန်၊ ရဲတိုက်၊ ၀င်းမင်းသန်း စသည့်အနုပညာရှင်များဖြစ်သည်။ ယခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းသည်လည်း ဖမ်းဆီးခံထားရာမှ ဇွန် ၂၉ ရက်က ပြန်လည်လွတ်မြောက်ခဲ့သည်။ သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Be the first to comment