အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် လေယာဉ်နဲ့ ကမ္ဘာတစ်ပတ် တစ်ကိုယ်တော် ပျံသန်းစံချိန်တင်မယ့် ၁၉ နှစ်အရွယ် ကောင်မလေး
လေယာဉ်နဲ့ ကမ္ဘာတစ်ပတ် တစ်ကိုယ်တော်ပျံသန်းတဲ့ အသက်အငယ်ဆုံး အမျိုးသမီးဖြစ်လာဖို့ ကြိုးပမ်းနေသူ ဆယ်ကျော်သက် ပိုင်းလော့ ဇာရာရူသာဖို့ဒ်ဟာ စနေနေ့မှာ ရုရှားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အသက်၁၉နှစ်အရွယ် ဗြိတိသျှ-ဘယ်လ်ဂျီယံသူဟာ သူမရဲ့မိုင်ပေါင်း ၃၂၀၀၀ ခရီးစဉ်အတွက် သြဂုတ်လမှာ ဘယ်လ်ဂျီယံ အနောက်ပိုင်း Kortrijk-Wevelgem လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဂရင်းလန်း၊ ရုရှား နဲ့ ကိုလံဘီယာ အပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံနဲ့ တိုက်ကြီး ၅ တိုက်ကို ဖြတ်ကျော် ပျံသန်းမှာဖြစ်ပါတယ်။
သူမစိတ်ကြိုက် အပေါ့စား လေယာဉ်ငယ်နဲ့ ဗလာဒီဗိုစတော့ခ်မြို့ကနေ ဆိုးလ်မြို့ Gimpo နိုင်ငံတကာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ရူသာဖို့ဒ်က ခရီးစဉ်ဟာ စိန်ခေါ်မှုရှိနေကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဗီဇာနဲ့ ရာသီဥတု ပြဿနာကြောင့် သူမဟာ အလက်စကာမှာ တစ်လကြာ သောင်တင်ခဲ့ရသလို၊ ရုရှားမှာလည်း အလားတူ ပြဿနာတွေကြောင့် တစ်လကြာ နေခဲ့ရတယ်လို့ ရူသာဖို့ဒ်က ပြောပါတယ် ။ ခရစ္စမတ်ကာလမှာ သူ့ ခရီးစဉ် ပြီးမြောက်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် မဖြစ်နိုင်လောက်တော့ကြောင်း သို့ပေမယ့် ဒါက စွန့်စားမှု တစ်ခုဖြစ်ပါကြောင်း သူမက ပြောဆိုခဲ့ပါတယ်။
ရူသာဖို့ဒ်ဟာ လက်ရှိမှာ ဟိုတယ်မှာ နေထိုင်နေပြီး တနင်္လာနေ့မှာ ထိုင်ဝမ်ကို ဆက်လက် ပျံသန်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယခုအခါ သူ့ ခရီးစဉ်ဟာ ဇန်နဝါရီလလယ်လောက်မှာ ပြီးမြောက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။
ရူသာဖို့ဒ်ဟာ ၂၀၁၇ ခုနှစ်က အသက် ၃၀ အရွယ်နဲ့ ကမ္ဘာ တစ်ပတ် တစ်ကိုယ်တော် ပျံသန်းတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် စံချိန်တင်ထားသူ Shaesta Wais ကို ကျော်ဖြတ် စံချိန်တင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အသက်အငယ်ဆုံး အမျိုးသားအဖြစ် ကမ္ဘာတစ်ပတ် တစ်ကိုယ်တော် ပျံသန်းကာ စံချိန်တင် ထားသူကတော့ မေဆင် အန်ဒရူးစ် ဆိုသူဖြစ်ပြီး သူဟာ အသက် ၁၈ နှစ်အရွယ် ၂၀၁၈ ခုနှစ်မှာ ပျံသန်း စံချိန်တင် ခဲ့တာဖြစ်ပါတယ်။ ref ; Hidustan Times
Be the first to comment