အာကာသထဲကို ၁၂ ရက်ကြာ သွားရောက်လည်ပတ်ခဲ့တဲ့ ဂျပန်သန်းကြွယ်သူဌေး
ဂျပန်နိုင်ငံရဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ယာဆာကူ မီဇာဝါကတော့ အာကာသထဲမှာ ရှိတဲ့ နိုင်ငံတကာ အာကာသ စခန်းကို ပထမဆုံးသွားရောက် လည်ပတ်ခဲ့တဲ့ ခရီးသွားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
မီဇာဝါဟာ ကာဇက်စတန်မှာရှိတဲ့ ရုရှား ဒုံးပျံနဲ့ အာကာသထဲ လိုက်ပါသွားခဲ့တာဖြစ်ပြီး သူက နိုင်ငံတကာ အာကာသ စခန်းမှာ ဧည့်သည်အဖြစ် ၁၂ ရက်လောက် နေထိုင်ဖို့ စီစဉ်ထားခဲ့တာပါ။
သူနဲ့အတူ ရုရှားအာကာသ ယာဉ်မှူးတစ်ယောက်၊ ရုပ်သံရိုက်ကူးရေးသမား တစ်ယောက်ပါရှိပြီး နိုင်ငံတကာ အာကာသစခန်းဆီ ရောက်လာတဲ့ ပထမဆုံး ခရီးသွားတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားစေခဲ့တာပါ။
ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းထဲမှာ အဆင့်(၃၀) ဖြစ်တဲ့ မီဇာဝါဟာ ပိုင်ဆိုင်မှု ဒေါ်လာ (၁.၉) ဘီလီယံ ရှိသူဖြစ်ပြီး အာကာသထဲကို ခရီးသွားဖို့အတွက် ပြီးခဲ့တဲ့ နှစ်တွေကတည်းက ပြင်ဆင်နေခဲ့တာပါ။
ကမ္ဘာကနေ အာကာသထဲဆီ ခရီးထွက်ဖို့ဆိုရင် တစ်နာရီကို မိုင် ၁၇၅၀၀ နှုန်းနဲ့ ပျံသန်းရတာဖြစ်ပြီး နိုင်ငံတကာအာကာသစခန်းဟာ ကမ္ဘာမြေနဲ့မိုင်ပေါင်း ၂၅၀အကျော်မှာ တည်ရှိနေတာပါ။
ပန့်ခ်တီးဝိုင်းတစ်ခုရဲ့ ဒရမ်တီးသူ တစ်ယောက်အဖြစ်ကနေ အွန်လိုင်းဈေးဝယ် ကုမ္ပဏီကိုတည်ထောင်ပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ မီဇာဝါက လာမယ့် ၂၀၂၃ ခုနှစ်မှာ လပေါ်ကို ခရီးသွားဖို့ ပြင်ဆင်ထားသူပါ။
သူဟာ အာကာသထဲကို သွားရောက်ဖို့အတွက် လေ့ကျင့်မှုတွေကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ရပြီး သူ့ရဲ့ Youtube ချန်နယ်မှာ အမြဲတမ်း တင်နေခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ တွစ်တာပေါ်မှာ အာကာသပေါ်မှာ နေထိုင်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ မှတ်ချက်နဲ့ ဆုံလည်ကုလားထိုင်တစ်လုံးပေါ်မှာ လှည့်ပတ်ပြီး ထိုင်ဖို့ကြိုးစားနေတာကိုတွေ့ခဲ့ရပါသေးတယ်။
မီဇာဝါဟာ ဒီခရီးစဉ်ကို သွားဖို့ အတွက် ဒေါ်လာ ၈၈ သန်းအ ထိ အကုန်အကျခံခဲ့ရပြီး ဂျက်ဖ်ဘီဇော့ ၊ ရစ်ချက် ဘရန်ဆန်တို့လို သူဌေးကြီးတွေရဲ့နောက်မှာ အာကာသထဲ ခရီးသွားခဲ့သူအဖြစ် ပါဝင်လာခဲ့ပါတော့တယ်။ crd
Be the first to comment