အိန္ဒိယမှ နာမည်ကျော် ဘုရားကျောင်းတစ်ခုမှာ လူအုပ်ပိမှုဖြစ်ပွား
အိန္ဒိယနိုင်ငံမှာ စနေနေ့ မနက်အစောပိုင်းက ဝတ်ပြုဆုတောင်းမှုတွေပြုလုပ်ဖို့ လူထောင်ချီ စုဝေးခဲ့တဲ့ ဘုရားကျောင်းတစ်ခုမှာ လူအုပ်လဲပြိုတက်နင်းမှုတွေဖြစ်ခဲ့တာကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသရှိ Vaishno Devi ဘုရားကျောင်း သွားရာလမ်းပေါ်မှာ မနက်အစော ၃ နာရီဝန်းကျင် မှောင်မည်းမည်းအခြေအနေမှာ အခင်းဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“လူတွေ တစ်ဦးပေါ် တစ်ဦး လဲပြိုကျ ကုန်ပါတယ်။ ဘယ်သူ့ ခြေထောက်တွေ၊ လက်တွေလည်းဆိုတာ မသိရလောက်အောင် ရှုတ်ယှက် ခတ်နေခဲ့ ပါတယ် ” လို့ အခင်းဖြစ်ရပ်မှာ ရှိနေခဲ့သူတစ်ဦးက AFP ကို ဖုန်းဆက်ဖြေကြားခဲ့ပါတယ်။
အခင်းဖြစ်ပြီး တစ်နာခွဲလောက်မှာ အရေးပေါ်ကားတွေ ရောက် လာချိန် အလောင်း ၈ လောင်းကို သူ ကူတင်ပေးခဲ့ကြောင်း၊ ကံကောင်းတယ်လို့ သူ အသက်မသေတာလို့ခံစားရပေမယ့် သူမြင်ခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အခုတိုင် တုန်လှုပ်ခြောက်ခြားနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။
အဆိုပါ ဘုရားကျောင်းမှာ နှစ်သစ်ကူး အထူးဆုတောင်းပွဲအတွက် လူတွေ အလျင်စလို သွားလာခဲ့ကြတာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ဟိန္ဒူဘာသာဝင်အများစုနေထိုင်ရာ အိန္ဒိယနိုင်ငံ မြို့ကြီး၊ မြို့ငယ်တွေနဲ့ ကျေးရွာတွေအပြင် ဝေးလံသီခေါင်တဲ့ ဟိမဝန္တာတောင်တန်းဒေသ သို့မဟုတ် တောင်ပိုင်း တောတောင်ဒေသတွေမှာပါ တည်ရှိနေတဲ့ ဘုရားကျောင်းအရေအတွက် သန်းနဲ့ချီ ရှိပါတယ်။
အချို့နေရာတွေဟာ အလွန်အရေးကြီးတဲ့ ဘုရားဖူးနေရာတွေဖြစ်ပြီး ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးအစိုးရက ယင်းနေရာတွေသို့ သွားရလာရလွယ်ကူဖို့ အခြေခံအဆောက်အအုံပိုင်း တိုးတက်ကောင်းမွန်ရေးအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ကပ်ရောဂါမတိုင်မီက Vaishno Devi ဘုရားကျောင်းသို့ ဘုရားဖူးသူ နေ့စဉ် ၁၀၀၀၀၀ ခန့် လာရောက်လေ့ရှိတယ်လို့ သိရပါတယ်။လက်ရှိမှာ ဘုရားကျောင်းကို နေ့စဉ် ဘုရားဖူး ၂၅၀၀၀ခန့် လာရောက်မှုရှိတယ်လို့ အာဏာပိုင်တွေက ပြောဆိုပေမယ့် မျက်မြင်တွေ့ရှိသူတွေနဲ့ သတင်းဌာနတွေကတော့ ယင်းထက် အဆပေါင်းများစွာ များပြားတယ်လို့ ဆိုကြပါတယ်။ ဘန်ကောက်ပို့စ်
Be the first to comment