အမေရိကန်ဓာတ်ပုံဆရာ ဒေးဗစ်ဟိသ်၏ မြန်မာ့အလှသဘာဝကို ရိုက်ကူးထားသော အံ့သြဘနန်း ဓါတ်ပုံများ

အမေရိကန်ဓာတ်ပုံဆရာ ဒေးဗစ်ဟိသ်၏ မြန်မာ့အလှသဘာဝကို ရိုက်ကူးထားသော အံ့သြဘနန်း ဓါတ်ပုံများ

အမေရိကန်ဓါတ်ပုံဆရာ ဒေးဗစ်ဟိသ်သည် Burma:An Enchanted Spirit ဆိုသော စာအုပ်ဖြစ်မြောက်ရေး အတွက် မြန်မာ့အလှသဘာဝကို ရိုက်ကူးထားသော အံ့သြဘနန်းဓါတ်ပုံများကို ၅နှစ်ခန့် အချိန်ယူ စုစည်းခဲ့သည်။ အနုပညာမြောက် ခရီးသွားဓါတ်ပုံ ရိုက်ကူးခြင်းသည် သူ၏ဝါသနာဖြစ်သည်။ ဒေးဗဟ်ဟိသ်သည် သဘာဝပတ်ဝန်းကျင်အင်ဂျင်နီယာလုပ်ငန်း၌ လုပ်ကိုင်ကျင်လည်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဥရောပခရီးစဉ်အတွင်း Canon AE-1 ဖလင်ကင်မရာဖြင့် ဓာတ်ပုံစမ်းသပ်ရိုက်ကူးရာမှ သူ၏ဝါသနာအမှန်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သူသည် ဓာတ်ပုံများကိုရှာဖွေရင်း ကမ္ဘောဒီးယာ၊ နီပေါ၊ ဘူတန်၊ အာဖရိကတိုက်မှ နိုင်ငံအချို့၊ ပီရူး၊ အီကွေဒေါ၊ မော်လဒိုက်၊ အင်ဒိုနီးရှားနှင့် ဥရောပနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ကယ်လီဖိုးနီးယားတောင်ပိုင်းဇာတိဖြစ်သူ ဒေးဗစ်ဟိသ်သည် ရေလွှာလျောစီးခြင်း၊ နှင်းလျောစီးခြင်းများကို နှစ်သက်သူဖြစ်ပြီး ပြင်ပလောကတွင် အချိန်ကုန်များသူဖြစ်သည့်လျောက် နေ့စဉ်တွေ့မြင်ရသည့် သဘာဝအလှကို မှတ်တမ်းတင်ထားသည့် သူ၏ဓာတ်ပုံများသည် ကြည့်ရှုသူကို ဓာတ်ပုံပါနေရာဒေသသို့ ရောက်ရှိသွားသကဲ့သို့သော ခံစားမှုကို ဖြစ်ပေါ်စေသည်။

ဒေးဗစ်သည် နောင်လာမည့် နှစ်များတွင် အခြားဓာတ်ပုံ ဝါသနာရှင်များကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ ဓာတ်ပုံရိုက် ခရီးစဉ်များ လာရောက်ရန် စီစဉ်နေကြောင်း သိရသည်။ သူ၏ Burma: An Enchanted Spirit စာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က “ တကယ့်ကို ဖမ်းစားနိုင်တဲ့ စာအုပ်ပါပဲ၊ စာအုပ်ထဲက ပုံတွေက မြန်မာ့အလှနဲ့ အတူကွဲပြားမှုတွေကို သစ္စာရှိရှိ ထင်ဟပ်ထားတာပဲ”ဟု အသိအမှတ်ပြုရေးသားထားသည်။

မေး – ခင်ဗျားအနေနဲ့ ကမ္ဘာ့နေရာတော်တော်များများကို ရောက်ခဲ့ဖူးပြီ။ မြန်မာနိုင်ငံအကြောင်း စာအုပ်လုပ်ဖို့ ဘယ်လိုအကြောင်းတရားတွေက တွန်းပို့ခဲ့တာလဲ။

ဖြေ – မြန်မာနိုင်ငံမှာရိုက်ကူးတဲ့ဓာတ်ပုံတွေကို အရင်ကတည်းက မြင်ဖူးပါတယ် ။ အဲဒီဓာတ်ပုံတွေဟာ အမြဲလိုပဲ ကျွန်တော့ အမြင်အာရုံကို ဖမ်းစားနိုင်ကြတယ်။ ပုဂံဘုရာကျောင်းဓာတ်ပုံတွေကို ပထမဆုံးမြင်ဖူးတုန်းက ကျွန်တော် အင်မတန် မှင်တက်မိသွားတာကို မှတ်မိနေသေးတယ် ။ မြန်မာနိုင်ငံဟာ တကယ့်ကို သီးခြားကမ္ဘာကလေး တခုလိုဖြစ်နေတယ်။

နိုင်ငံရေးအခြေ အနေတွေအရ သီးခြားဖြစ်နေမှု၊ အလှမ်းဝေးမှုတွေကြောင့် မြန်မာနိုင်ငံကို ကျွန်တော် စိတ်ဝင်စားမိတယ်။ အခြားသော ဆွဲဆောင်မှုကတော့ ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံတွေကိုလေ့လာရဖို့ ကျွန်တော် အမြဲတမ်းစိတ်ဝင်စားတယ်။ နီပေါ၊ ကမ္ဘောဒီယားနဲ့ဘူတန်လို ဗုဒ္ဓဘာသာနိုင်ငံတွေကိုလည်း ရောက်ခဲ့ဖူးပါပြီ။

မေး – မြန်မာနိုင်ငံခရီးစဉ်အတွင်း ခင်ဗျားစိတ်မှာ စွဲထက်မှတ်ကျန်ခဲ့ဆုံးသောအရာဟာ ဘာဖြစ်မလဲ။

ဖြေ – လူတွေပါ။ ကနဦးက သဘာဝ ရှုခင်းတွေကိုပဲ အဓိကထားရိုက်ကူးဖို့ စိတ်ကူးထားခဲ့တာပါ။ ဒါပေမယ့် မထင်မှတ်ပဲ မြန်မာပြည် သူတွေကို ချစ်ခင်နှစ်သက်မိသွားပြီး ကျွန်တော့်ဓာတ်ပုံပညာ အယူအဆကိုပါ ပြောင်းလဲ သွားစေခဲ့တယ်။ အခုကျွန်တော် Portrait (လူပုဂ္ဂိုလ်များကို ဓါတ်ပုံမှတ်တမ်းတင်ခြင်း) ရိုက်ရတာ နှစ်သက်နေပြီ။

ဂရုဏာတရား၊ မေတ္တာတရားနဲ့ ပြည့်ဝပြီး ပျော်ရွှင်စရာ၊ ချစ်ခင်စရာကောင်းတဲ့အပြင် လောကဒဏ်ကို ကြံ့ ကြံ့ခံနိုင်တဲ့တိုင်းပြည်မျိုး တခါမှ မကြုံတွေ့ ဖူးသေဘူး။ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ အဲဒီမှာရှိတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းစဉ်လာကလည်း ကျွန်တော့်အပေါ် အမှန်တကယ် ရိုက်ခတ်မှုရှိတယ်။ အဲဒီမှာ သွားလိုက် ပြန်လိုက်နဲ့ ၆ နှစ်လောက်နေခဲ့ပြီးတဲ့နောက်မှာ ဖိနှိပ်မှုဒဏ်ကို သူတို့ ဘယ်လောက်ခံစားနေရသလဲဆိုတာ ကျွန်တော်သိလာတယ်။

မေး – မြန်မာနိုင်ငံ အတွေ့အကြုံကနေ ဘာသင်ခန်းစာတွေ ရခဲ့ပါသလဲ။

ဖြေ – နှိမ့်ချခြင်းနဲ့ ဘဝကိုမြတ်နိုးတန်ဖိုးထားခြင်းမှာ အရင်တုန်းကမကြုံဖူးတဲ့ အဆင့်တခုကို ရရှိခဲ့တယ်။ ပစ္စုန်ပ္ပန်ကို တည့်တည့်ကြည့်ခြင်း၊ ပေးဆပ်ခြင်းနဲ့ မေတ္တာတရားအကြောင်း မြန်မာပြည်သူတွေဆီကနေ အများကြီးသင်ယူနိုင်ခဲ့တယ်။ သူတို့ဟာ ရုပ်ဝတ္တုပစ္စည်းတွေရဲ့ဆွဲဆောင်မှုနောက်မလိုက်ကြဘူး၊ မရအရယူတတ်တဲ့ သဘာဝမျိုး မရှိဘူး။

လက်ရှိအချိန်ကို တန်ဖိုးထားတယ်၊ ကိုယ့်မှာမရှိတာထက် ရှိတာလေးကို မြတ်နိုးတတ်တယ်။ အဲဒီကနေ ကိုယ့်အနီးအပါးမှာရှိတာတွေကို မြတ်နိုးတန်ဖိုးထားတတ်ဖို့ဆိုတဲ့ အသိတခု ကျွန်တော်ရခဲ့တယ်။ ကမ္ဘာပေါ်မှာ မတူထူးခြားတဲ့ ယဉ်ကျေးမှုတွေ အများကြီးရှိကြပေမယ့် အားလုံး တခုနဲ့တခု ဆက်စပ်နေပါတယ်။ လူသားမျိုးနွယ်စုတွေအကြား၊ လူသားတွေအကြားက တူညီမှုတွေဟာ အံ့သြစရာပါ။

မေး – နောင်ကို ဘာဆက်လုပ်သွားဖို့ရှိပါသလဲ။

ဖြေ – ဒီစာအုပ်ကို လူသိများအောင်လုပ်ရင်း အံ့သြစရာကောင်းတဲ့တိုင်းပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း လူတွေပိုသိလာအောင် မျှဝေမယ်။ သိပ်မကြာခင် ခရီးထွက်ချင်ပါသေးတယ်။ အာဖရိက၊ တောင်အမေရိကနဲ့ အာရှတိုက်တို့က ကျွန်တော် အလည်အပတ်သွားချင်တဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ မြန်မာ့မြေပေါ် အခြစ်ရာလေးတောင် မထွင်းမိသေးဘူးလို့ ခံစားရတယ်။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ကတော့ ကျွန်တော့် ဧည့်လမ်းညွှန် ဝင်းရဲ့အကူ အညီနဲ့ မြန်မာတိုင်ရင်းသား ၁၃၅ မျိုးစလုံးကို တွေ့ချင်တာပဲဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နောက်ထ ပ်စာအုပ်တအုပ် လုပ်ဖြစ်မယ် ထင်ပါတယ်။ အဲဒီမှာ ရိုက်စာရာတွေ အများကြီး ရှိသေးတယ်လေ။ Ref; The Diplomat / ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *