အမေရိကန်သမိုင်းမှာ ပျက်စီးထိခိုက်မှု အများဆုံးဖြစ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် သေဆုံးသူတွေထဲ မြန်မာတချို့ပါဝင်ခဲ့

အမေရိကန်သမိုင်းမှာ ပျက်စီးထိခိုက်မှု အများဆုံးဖြစ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် သေဆုံးသူတွေထဲ မြန်မာတချို့ပါဝင်ခဲ့

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းနဲ့ တောင်ပိုင်း ကုန်းတွင်းပိတ် ပြည်နယ်တချို့ကို ဝင်ရောက်မွှေနှောက်သွားတဲ့ Tornadoes လေဆင်နှာမောင်း မုန်တိုင်းတွေကြောင့် အထူးသဖြင့် Kentucky ပြည်နယ်မှာ သေဆုံးသူ ဒါဇင်နဲ့ချီ ရှိနေပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ တိုင်းရင်းသားတချို့လည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက် သောကြာနဲ့ စနေနေ့ ညဥ့်နက်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း လေဆင်နှာမောင်းကြောင့် လူသေဆုံးတာ ရှိခဲ့သလို လူနေအိမ်နဲ့ အဆောက်အဦတွေ ပြိုပျက်တာမျိုးလည်း ဖြစ်ပွားခဲ့တာပါ။ အမေရိကန်မှာ ကြုံဖူးခဲ့တဲ့ Tornado တွေထဲမှာ အလွန်ပြင်းထန်တဲ့ မုန်တိုင်းအဖြစ် အာဏာပိုင်တွေက သတ်မှတ်ကြပါတယ်။

လူအသေအပျောက် အများဆုံးဖြစ်တဲ့ Kentucky ပြည်နယ်မှာ လေဆင်နှာမောင်းကြောင့် သေဆုံးသူ အနည်းဆုံး ၇၀ ကျော် ရှိနေပြီး ဒီထက်မက တိုးလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။လေဆင်နှာမောင်း တိုက်ခတ်တဲ့ဒဏ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက Kentucky ပြည်နယ်၊ Bowling Green မြို့နယ်က ကရင်တိုင်းရင်းသူ နော်သန်းရင်မှူး ဖြစ်ပါတယ်။ သူ့ပတ်ဝန်းကျင်မှာ သေဆုံး ပျက်စီး ဆုံးရှုံးမှုတွေကို သူက ပြောပြပါတယ်။

“လေက ပြင်းတာတော့ ဒီလိုမျိုးဖြစ်တာ တခါမှ မကြုံဘူးတော့ အပေါ်က လေယာဉ်ပျက်ကျပြီး ခါသလိုမျိုး ကလေးတွေ လန့်ပြီးတော့ အော်တာပေါ့ ကြောက်ပြီးတော့။ အိမ်သာထဲမှာ ပုန်းပြီးတော့ ဘုရားစာတွေ ဘာတွေ သမ္ဗုဒ္ဓေတွေဘာတွေ ရွတ်တာပေါ့ ကြောက်တဲ့အချိန်ကတော့။ အရှေ့အိမ်တွေက အကုန်လုံး အိမ်လုံးကျွတ်ပါသွားတာပဲ။

အမတို့အိမ်ကျတော့ တအိမ်လုံးမဟုတ်ဘူး။ ခေါင်မိုးတို့ ဂိုဒေါင်တို့ အကုန်လုံး ကွဲထွက် လွင့်သွားတယ်။ တချို့က လွင့်သွားတာ သစ်ပင်ပေါ်မှာ ချိတ်တာလည်း ရှိတယ်၊ အောက်မှာပိတာလည်း ရှိတယ်။ အမတို့ဆီမှာ ဖြစ်တာတော့ ၁၅ ယောက်လောက် ဆုံးသွားတယ်။”

မုန်တိုင်းကျပြီးနောက် တနင်္ဂနွေနေ့မှာတော့ မီးသတ်နဲ့ ဒေသအာဏာ ပိုင်တွေ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို BowlingGreen မြို့မှာရှိတဲ့ ဝေလုမြိုင်တောရကျောင်း ဆရာတော် ဦးစန္ဒောက မိန့်ပါတယ်။

“အောက်ခြေကနေစပြီးတော့ သစ်ပုံကြီးဖြစ်သွားလောက်အောင် တချို့အိမ်တွေက အဲ့လိုတွေ့ရတယ်။ မြို့ထဲပိုင်း လူနေရပ်ကွက်တွေကို ထိသွားတာပေါ့။ အဲဒီမှာက မြန်မာအစရှိတဲ့ ကယားတို့ ကရင်တို့ အဲ့လိုတွေ နေကြတဲ့ နေရာမှာ ထိသွားတော့ တချို့က အိမ်ပျက်စီးသွားတာ ရှိတယ်။ တချို့ကလည်း တော်တော်လေး အခြေအနေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားတာလည်း တွေ့ရတယ်။

ဘုန်းဘုန်းရောက်သွားတဲ့ အချိန်မှာတော့ မီးသတ်တပ်ဖွဲ့တွေ မြို့တော် ဝန်လည်း တွေ့တယ်။ အား လုံးက ဝိုင်းဝန်းပြီးတော့ ပိတ်ဆို့ပြီးတော့၊ တချို့လည်း အိမ်ထဲမှာ ပိတ်မိပြီးတော့ ဆွဲထုတ်နေတာတွေ၊ ကယ်နေတာတွေ ဘုန်းဘုန်း မြင်ခဲ့ရတယ်။”

Kentucky ပြည်နယ် Bowling Green မြို့မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ကရင်၊ ကရင်နီ(ကယား)၊ ချင်း၊ မြန်မာ စတဲ့ တိုင်းရင်းသားတွေ နေထိုင်ကြတာပါ။ Tornado မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် ပြည်နယ်တာဝန်ရှိသူတွေက စစ်ဆေး ပြုပြင်ပေးမယ်လို့ ပြောနေပေမယ့် သူတို့အနေနဲ့ အခက်အခဲတွေ ကြုံနေရကြောင်း နော်သန်းရင်မှူးက ပြောပါတယ်။

“လျော်တော့ လျော်ပေးမယ်၊ ပြောတာကတော့ သူတို့ပြင်ပေးလို့ဆိုရင် တကယ် တသိန်းကုန်ရင် သုံးသောင်းပေးရမယ် အဲ့လိုမျိုးလား မသိဘူး။ အဲ့လိုမျိုး လုပ်ရင် အမတို့လည်း ဘယ်ရှိမလဲ အဲဒီလောက်။ အိမ်တအိမ်ဆို တသိန်း နှစ်သိန်းဆို သူတို့က နှစ်သိန်းတန်တဲ့အိမ်က တသိန်းငါးသောင်းပေး၊ ကျန်တဲ့ငါးသောင်း အမတို့ ဘယ်မှာ သွားစိုက်မလဲ။”

ဒီတခေါက် Tornado မုန်တိုင်းဟာ Kentucky ,Tennessee, Missouri, Illinois, Arkansas စတဲ့ပြည်နယ်တွေကို ဝင်မွှေသွားခဲ့တာပါ။ Kentucky ပြည်နယ်၊ Mayfield မြို့မှာ မုန်တိုင်းကြောင့် ဖယောင်းတိုင်စက်ရုံတခု ပျက်စီးသွားပြီး အပျက်အစီးပုံတွေကြားက လူ ၄၀ ကို ကယ်တင်ခဲ့ရပါတယ်။

Kentucky ပြည်နယ်ရဲ့ သမိုင်းမှာ အပျက်အစီး အကြီးမားဆုံး လေဆင်နှာမောင်းဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Beshear က သတင်းထောက်တွေကို ပြောပါတယ်။ လက်ရှိမှာ Kentucky ပြည်နယ်ကို သမ္မတ Joe Biden ရဲ့ အတည်ပြုချက်နဲ့ အရေးအပေါ် အခြေအနေ ကြေညာထားပါတယ်။ crd ; VoA

Be the first to comment

Leave a comment

Your email address will not be published.


*