အမေရိကန်ရေတပ်က လေယာဉ်တင် သင်္ဘောဟောင်းနှစ်စီးကို တစ်စီးလျှင် ဒေါ်လာ တစ်ပြားစီဖြင့် သင်္ဘောဖျက်ကုမ္ပဏီထံ ရောင်းချလိုက်

အမေရိကန်ရေတပ်က လေယာဉ်တင် သင်္ဘောဟောင်းနှစ်စီးကို တစ်စီးလျှင် ဒေါ်လာ တစ်ပြားစီဖြင့် သင်္ဘောဖျက်ကုမ္ပဏီထံ ရောင်းချလိုက်

အမေရိကန်ရေတပ်မှ ယခင်လေယာဉ်တင်သင်္ဘောဟောင်းများဖြစ်သည့် USS Kitty Hawk နှင့် USS John F. Kennedy တို့ကို တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁ ပြား (1 cent) စီဖြင့် တက္ကဆက်စ်အခြေစိုက် သင်္ဘောဖျက်ကုမ္ပဏီ တစ်ခုထံသို့ ရောင်းချလိုက်ကြောင်း ရေတပ်အထူးတပ်ဖွဲ့ ကွပ်ကဲရေးဌာန (Naval Sea) က ယမန်နေ့(အောက်တိုဘာ ၅ ရက်)တွင် ပြောသည်။

“ စာချုပ်ချုပ်လိုက်တဲ့ ကုမ္ပဏီအနေနဲ့ သင်္ဘောဖျက် လိုက်တဲ့အခါ ထွက်လာမယ့် သံမဏိ သံတို သံစတွေနဲ့ သင်္ဘောတည်ဆောက်ရာမှာ အသုံးပြုထားတဲ့ သတ္တုအမျိုးမျိုးရဲ့ အကျိုးကျေးဇူးကို ခံစားခွင့်ရမှာပါ။ ” ဟု အမေရိကန်ရေတပ် Naval Sea Systems Command မှ ပြောရေးဆိုခွင့် ရှိသူ အလန်ဘာရီဘိုးက ပြောသည်။ ယင်းစစ်သင်္ဘော နှစ်စီးစလုံးသည် သက်တမ်းရင့်နေပြီး အိုမင်းပျက်စီးမှုများကြောင့် ယခုကဲ့သို့ ရောင်းချလိုက်ရခြင်း ဖြစ်ကြောင်းသိရသည်။

Kitty Hawk လေယာဉ်တင် သင်္ဘောအတွက် ဆွဲ သင်္ဘောနှစ်စီး အသုံးပြုပြီး တောင်အမေရိက အစွန်အဖျားကို ပတ်၍ ဝါရှင်တန် ၊ ဘရီမာတန်မြို့မှ ဆွဲယူ လာမည်ဖြစ်ပြီး John F. Kennedy လေယာဉ်တင်သင်္ဘောမှာ ဖီလာဒဲဖီးယား ရေတပ် သင်္ဘောကျင်းမှ မောင်းနှင် လာမည်ဖြစ်ကြောင်း သိရသည်။

တက္ကဆက်စ်ပြည်နယ် ၊ ဘရောင်းစ်ဗေးလ်မြို့ရှိ International Shipbreaking Limited သင်္ဘောဖျက် ကုမ္ပဏီနှင့် စာချုပ်အရ သင်္ဘောဆွဲရန် ၊ ဖြုတ်တပ်ရန် ၊ သင်္ဘော ဖျက်ဆီးရန်နှင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုရန် စသည်တို့အတွက် ၎င်းစစ်သင်္ဘော နှစ်စီးမှာ ရေတပ်သင်္ဘောအုပ်စုမှမကြာခင်မဖြစ်မနေ ထွက်ခွာသွားရတော့မည်ဖြစ်ကြောင်း USAToday သတင်းတွင် ဖော်ပြထားသည်။ ၎င်းသင်္ဘောနှစ်စီးအနက် မည်သည့်သင်္ဘောက ဦးစွာထွက်ခွာပြီး တစ်စစီဖြုတ်ဖျက်သိမ်းမည်ဆိုသည် အချိန်သတ်မှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။ ကိုးကား- USA Today

Add a Comment

Your email address will not be published. Required fields are marked *