ထောင်ထဲမှာနေရမလား အိမ်ပြန်ရမလား ဝေခွဲမရဖြစ်စေမဲ့ ကမ္ဘာ့ဇိမ်အကျဆုံး အကျဉ်းထောင်အကြောင်း

ထောင်ထဲမှာနေရမလား အိမ်ပြန်ရမလား ဝေခွဲမရဖြစ်စေမဲ့ ကမ္ဘာ့ဇိမ်အကျဆုံး အကျဉ်းထောင်အကြောင်း

ဘယ်သူပဲဖြစ်ဖြစ် ထောင်ကျခံရမယ်လို့ အမိန့်ချလိုက်ပြီဆိုတာနဲ့ စိတ်ရော ကိုယ်ပါ အစွမ်းကုန် ဆင်းရဲသွားကြမှာပါ။ ထောင်ထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရမယ်၊ ဆင်းဆင်းရဲရဲနေရမယ်၊ ၀၀လင်လင်မစားရဘူး၊ အဲဒီလိုပဲ တွေးမိကြမှာ သေချာပါတယ်။

ဒါပေမယ့် နော်ဝေနိုင်ငံမှာရှိတဲ့ ဘက်စ်တွိုင်းအကျဉ်းထောင်ကို သင်ရောက်ဖူးရင်တော့ အိမ်ပြန်ရောက်ချင်တဲ့ စိတ်ကူးလေးတောင် ပျောက်သွားနိုင်ပါလိမ့်မယ်။ အိမ်မှာကမှ အိမ်အလုပ်တွေ စိတ်မပါပဲ လုပ်ချင်လုပ်နေရဦးမယ် ၊ ဘက်စ်တွိုင်းမှာတော့ အရမ်းကို ဇိမ်ကျကျနေနိုင်တာမို့ပါပဲ။

ဘက်စ်တွိုင်းဟာ အကျဉ်းသားတွေအတွက် သက်သောင့်သက်သာ အဖြစ်ဆုံး နေရာတစ်ခုပါ။ ထောင်ထဲမှာ လိုချင်တာမှန်သမျှ အကုန်နီးပါးရနိုင်ပြီး ထောင်ထဲမှာနေတဲ့အတွက် ပိုက်ဆံပါရနိုင်ပါသေးတယ်။

ထောင်သားတစ်ယောက်ချင်းစီဟာ သူတို့အတွက် သီးသန့်အခန်းတွေရကြပြီး ရေချိုးခန်း၊ အိမ်သာ တွဲရက်ပါတဲ့အခန်းတွေ ဖြစ်ကြပါတယ်။ တချို့ဆိုရင် ဘန်ဂလိုပုံစံ အိမ်လေးတွေကိုတောင် ရကြတယ်။ အစားအသောက်ကတော့ တစ်နေ့ကို တစ်နပ်ပဲ ထောင်က ကျွေးတာပါ။

တစ်နေ့ကို တစ်နပ်ဆိုလို့ စိတ်ပျက်မသွားပါနဲ့ဦး။ ထောင်သားတွေဟာ သူတို့နှစ်သက်တဲ့ အစားအသောက်တွေကို ဒေသတွင်းမှာရှိတဲ့ စူပါမားကက်တစ်ခုကနေ လှမ်းမှာလို့ရပြီး သူတို့စိတ်ကြိုက် ချက်ပြုတ်စားသောက်လို့ရမယ့် အခွင့်အရေးရှိတာပါ။

အဲဒီအတွက် ထောင်က သူတို့ကို တစ်လ ဒေါ်လာ(၉၀)ပေးပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်သုံးစွဲချင်တယ်ဆိုရင်တော့ သူတို့ရဲ့ ကိုယ်ပိုင် ပိုက်ဆံနဲ့ ဝယ်ယူရမှာပါ။ ဒါမှမဟုတ်မိတ်ဆွေ၊ ဆွေမျိုး တစ်ယောက်ယောက်က စေတနာရှိလို့ မှာပေးရင်လည်း သူတို့ဆီကို အစားအသောက်တွေက ရောက်လာမှာပါပဲ။

ထောင်သားတွေဟာ ထောင်ထဲမှာ အပင် စိုက်တာ၊ မြင်းထိန်းတာ၊ စက်ဘီးပြင်တာအပြင် အခြား အလုပ်လေးတွေလည်း လုပ်လို့ ရပါတယ်။ အဲဒီ အတွက် တစ်နေ့ကို (၈)ဒေါ်လာ ရကြပါတယ်။ အလုပ်တွေက မလုပ်မနေရ မဟုတ်ပါဘူး။ အလုပ်မလုပ်ချင်တဲ့သူတွေဟာ သူတို့စိတ်ကြိုက်နေခွင့်ရှိပြီး ပိုက်ဆံပိုလိုချင်တဲ့သူတွေ၊ ပျင်းနေတဲ့သူတွေက သူတို့ဝါသနာပါတာလေးတွေ ရွေးချယ်လုပ်လို့ရတဲ့ သဘောပါ။

ထောင်သားတိုင်းဟာ သူတို့ရဲ့ ကျွမ်းကျင်မှုအလိုက် အဆင့်မြင့်တဲ့ ပညာရေး စနစ်ကို ရရှိကြမှာဖြစ်ပြီး လေ့ကျင့်ရေး ပရိုဂရမ်တွေမှာလည်း ပါဝင်ကြရမှာပါ။

ဘက်စ်တွိုင်းထောင်ဟာ ကျွန်းတစ်ကျွန်းပေါ်မှာရှိပြီး ထောင်သား (၁၁၅) ယောက်သာ ထားပါတယ်။ ထောင်ဝန်ထမ်းကတော့ (၆၉)ယောက် ရှိတာပါ။ ဒါပေမယ့်လည်း ညဖက်မှာတော့ ထောင်ဝန်ထမ်း(၅)ယောက်သာ ရှိတော့ပြီး ကျန်တဲ့ဝန်ထမ်းတွေက သူတို့ရဲ့နေအိမ်ဆီ ပြန်ကြရတာပါ။

ထောင်ဝန်ထမ်းအနည်းငယ်သာ ရှိလို့ ထောင်ကနေ ထွက်ပြေးတဲ့သူတွေရှိမယ် မထင်ပါနဲ့။ဘက်စ်တွိုင်းရဲ့ ထောင်သက်တမ်းတစ်လျှောက်မှာ ထောင်က ထွက်ပြေးခဲ့တဲ့သူ မရှိသလောက် ရှားပါတယ်။ အားလပ်တဲ့ အချိန်တွေ ဆိုရင် ထောင်သားတွေအနေနဲ့ ကျွန်းပေါ်မှာရှိတဲ့ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ စာကြည့်တိုက်တွေဆီ အလည် သွားလို့ရပါတယ်။ ဒါမှ မဟုတ်ရင် လည်း မြင်းစီးတာ၊ ငါးမျှားတာ၊ တင်းနစ်ရိုက်တာမျိုးတွေ လုပ်နိုင်တယ်။

ထောင်ဝန်ထမ်းတွေဟာ အာဏာပိုင်ဆိုတာထက် လူမှုကူညီရေးဝန်ထမ်းတွေနဲ့ ပိုတူကြပြီး သူတို့ရဲ့ အရေးကြီးဆုံးအလုပ်က လူတွေကို ပြောင်းလဲပေးဖို့၊ သက်သောင့်သက်သာ ရှိစေဖို့လို့ ခံယူထားကြသူတွေပါ။ထောင်သားတွေဟာ သူတို့စိတ်ကြိုက် အင်တာနက်အသုံးပြုခွင့်ရှိသလို သူတို့အတွက် အင်တာနက်သုံးဖို့ သီးသန့်နေရာတွေကိုလည်း ထားပေးထားပါတယ်။ ဒါ့အပြင် တီဗီကြည့်ဖို့အတွက် ဧည့်ခန်း၊ အားကစားလုပ်ဖို့အတွက် Gym ခန်းတွေကိုလည်း သီးသန့်ထားရှိပေးထားပါတယ်။

ပြင်ပကမ္ဘာကိုခေါ်ဆိုဖို့ တယ်လီဖုန်းရုံတွေကလည်း ထောင်ထဲမှာ အများကြီးပါ။ ဘယ်အချိန်မှာမှ ခေါ်ရမယ်ဆိုတဲ့ စည်းကမ်းမျိုး ချမှတ်ထားတာလည်း မရှိပါဘူး။ သူတို့ပြောချင်တဲ့အချိန်မှာ ပြောချင်တဲ့သူနဲ့ ကြိုက်သလောက်ပြောဖို့ အခွင့်အရေးရှိပါတယ်။

ထောင်သားအများစုရဲ့အခန်းတွေမှာ မွေ့ယာ၊ ခုတင်နဲ့ ပစ္စည်းအပြည့်အစုံရှိကြတယ်။ တချို့ဆိုရင် တီဗီတွေ၊ လက်ပ်တော့တွေကိုပါ အခန်းထဲမှာ ထည့်ပြီး အသုံးပြုနိုင်ကြပါတယ်။ သူတို့ဝယ်ယူနိုင်တဲ့ ပမာဏပေါ်မူတည်ပြီး ထောင်ရဲ့တာဝန်ရှိသူတွေဟာ ညှိနှိုင်း မှုတွေ လုပ်ဆောင်ပေးကြတာပါ။ ဘက်စ်တွိုင်းထောင်ကို ရောက်လာကြတဲ့ အကျဉ်းသားအများစုက မူးယစ်ဆေးကြောင့်ဖြစ်ပြီး လူသတ်မှု၊ မုဒိမ်းမှုစတဲ့ အမှုကြီးကြီးမားမားမျိုးတွေကတော့ အနည်းငယ်သာ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဘက်စ်တွိုင်းရဲ့ တာဝန်ရှိသူတွေဟာ သူတို့ရဲ့အကျဉ်းထောင်ကို ဇိမ်ခံကျွန်းတစ်ခုလို ဖြစ်လာအောင် ပြင်နေကြသလားလို့တောင် မှတ်ချက်ပေးခံရတာတွေ ရှိခဲ့ပါတယ်။ သတင်း – စံတော်ချိန်

Be the first to comment

Leave a comment

Your email address will not be published.


*