ပျောက်ကွယ်သွားပြီဖြစ်သော ခလောက်တင်ထားသည့် ၀န်တင်နွား

ပျောက်ကွယ်သွားပြီဖြစ်သော ခလောက်တင်ထားသည့် ၀န်တင်နွား

လွန်ခဲ့တဲ့ နှစ်(၃၀) ခန့် ကျွန်တော်ကလေးဘ၀.. သျှမ်းဘောင်းဘီပွပွ သျှမ်းခမောက်ကြီး တွေဝတ်ဆင်သော လူ ၂ ယောက် ဦးဆောင်ပြီး မိုင်းလုံမြို့ကလေးထဲကို ၀န်တင်နွားအုပ်တစ်အုပ် ၀င်လာသည်ကို ကျွန်တော့် တစ်ခါမြင်ဖူးခဲသည်.. နွားအကောင်ရေ ၂၀ ကျော် ၃၀ လောက်ရှိပါလိမ့်မည် ပုံမှန်အားဖြင့် ၀န်တင်လား၊

ဝန်တင်မြင်းတို့သည် သျှမ်းပြည်နယ်တစ်ခုလုံး တွေ့ဖူးမြင်ဖူးသော်လည်း နွားများကိုဝန်တင်ခိုင်းသည်မှာ အတော်ကလေးရှားပြီး ရှေးကျသည်။ သျှမ်းဘာသာ တွင် (ဝိုးတန်လန်) {ဝူဝ်းတ္ဂငှ်လင်}ဟု ခေါ်ပါသည်.. သူတို့ဘယ်ကနေ လာလဲ ဆိုတာကျွန်တော်လုံးဝမသိသလို ဒီဝန်တင်နွားတွေထဲမှာ ထူးထူးခြားခြား ရှေ့ဆုံးကနွား (၂) ကောင်က ကျန်တဲ့နွားတွေလို များများစားစားမတင်ဘဲ ကျောပေါ်မှာ ခလောက်ကြီး (၂) လုံးကိုတင်ပြီး ၀င်လာခဲ့သည်။

သျှမ်းဘာသာတွင် (ဟင်လုံ) (ြိငှ်လူင်) ခလောက်ကြီးအသံဟာ ခေါင်းလောင်းလိုအသံမျိုးလွင်၊ မောင်းလို မျိုးနားဝင်ချိုပေမဲ့ ခောင်းလောင်း၊မောင်းတွေလို တီးခေါက်သံ မျိုးမဟုတ်ဘဲ ရွရွလေးထွက်ပေါ်လာသည် . ဖားစည်လိုသဘောမျိုးနဲ့လည်း ဆင်သလိုရှိပါသည်..

အဲ့ဒီအကြောင်း အမေ့ကိုမေးကြည့်တော့ အမေက ရှေ့ခေါင်းဆောင်နွားတွေဟာ ခလောက်ကြီးတွေကို စီးချက်ကျကျလှုပ် နွားအုပ်ကိုဦးဆောင်ရအောင် သေချာကျင့်ထားပြီး ၀န်တင်လေ့မရှိဘူးလို့ ရှင်းပြခဲ့ဖူးသည်…ကျွန်တော်ကလေးအရွယ် ဖြစ်နေလို့ အရမ်းစိတ်ဝင်စားပြီး မေးခွန်းတွေမေးချင်ခဲ့ပေမဲ့ အဘယ်ကြောင့် ခလောက်ကြီးတွေ တင်ပြီးသီးသန်းမောင်းနေရသလဲ ၊

အဲ့ဒီနွားတွေ ၀န်ကောင်း ကောင်းမတင်တော့ နွားအတွက် အလဟသဖြစ်မနေဘူးလားဆိုသော မေးခွန်း ကို ကျွန်တော် မမေး တတ်ခဲ့ပါဘူး.. ယခု ကျွန်တော်အတော်ကြာကြာမေ့နေပြီဖြစ်သော ဒီအကြောင်းကို သျှမ်းပြည်မြင်ကွင်းစုံကနေ ဒီခလောက်ပါသော ၀န်တင်နွားပုံကို တွေ့ခဲ့သည်… ယခုကျွန်တော် စိတ်ဝင်စားခဲ့ပြီး မေ့နေပြီဖြစ်သော ၀န်တင်နွားပေါ်က ခလောက်ကြီး အကြောင်း ရှာဖွေပြီး တွေ့ခဲ့ရသော အချက်လက်လေးများ ကို မျှဝေ ပေးလိုက် ပါသည်….

လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ရှေးအခါက စက်တပ်ယာဉ်မပေါ်သေး သောအချိန် ခရီးသွားခြင်းဆိုသည်မှာ မလွယ်သလို ကုန်သွယ်ရေးအတွက်ကလည်း အထူးအခက်အခဲတစ်ရပ်ဖြစ်စေခဲ့သည်.. အထူးသဖြင့် တော်ပေါ်ဒေသမှာနေထိုင်သော သျှမ်းတိုင်းရင်းသားတို့ တစ်နေရာနဲ့တစ်နေရာ ကုန်သွယ်ဖို့ဆိုသည်မှာ အရမ်းခက်ခဲသဖြင့် ၀န်တင်နွားနှင့်မြင်းတို့ အဓိကအခန်းကနေပါဝင်လာပါသည်.. ဒေသထွက်ကုန်တွေရောင်း ၊

ဆားနဲ့သကြားကိုဝယ်ဖို့ လိုအပ်လာသည်… ထိုင်းဆောင်းပါးတစ်ခုတွင် လန့်နား ဒေသမှာနေထိုင်သော သျှမ်းတစ်နယ်လုံးမှာ မြေကြီးကနေရသော ဆားတွင်းတစ်နေရာသာ ရှိခဲ့ သည် ထို လန့်နားသျှမ်းတို့ မြန်မာ တရုတ်တို့နှင့် ကုန်သွယ်တဲ့အချိန် ၀န်တင်နွားအကောင် (၂၀) လောက်အသုံးပြုပြီး သွားလာကြောင်း ဆိုသည်။

တောတောင်တွေ ထဲ ဖြတ်သန်းသွားလာသော အချိန် လူနှင့် ခေါင်းဆောင်နွားက လမ်းပြမှာဖြစ်သလို နောက်မှာကျန်နေတဲ့ နွားတွေအားလုံး ဒီခလောက်သံကြီးမြည်သည့်နောက်ကို လိုက်လာရင်း လမ်းချော်ခြင်း၊ မတော်တဆဖြစ်ခြင်း၊ လမ်းပျောက်ခြင်း စသော ထိုထို ပြသနာတို့ မဖြစ်တော့ဘဲ ရှေ့သွားနွားနောက်ကို ကပ်လိုက်နိုင်စေ ရန် ရည်ရွယ်သည်။ ဤသည်ကို အသံကိုအသုံးပြုပြီး နွားတွေကို လမ်းကြောင်းခြင်း (Sound Signal) စနစ် ကို အသုံးပြုသွားခြင်း ပဲဖြစ်ပါသည်။

ဤခလောက်ကြီးများကို ယိုးဒယားဘာသာဖြင့် ဖန်လန်ဟု ခေါ်ပါသည်… ဖန်လန် ပစ္စည်းသည် ခောင်းလောင်းလိုတော့ လုံးဝန်းမနေဘဲ ခလောက်ကြီးနှင့်သာ ပိုတူသည်.. ကြေးနီသတ္တုမျိုးနဲ့ပြုလုပ်ပြီး အပေါက်အနည်းငယ်ကျဉ်းပြီး ရှည်သည်.. အတွင်းတွင် အသံရွရွလေးထွက်လာစေနိုင်သော ဘောလုံးလေးတစ်ခုကို ခလောက်အဆံလိုတပ်ထားပေးသည်…

ထိုခလောက်ကို သစ်ကြိမ်တို့နှင့် စင်ကလေးလုပ်ပြီး သားရေတို့ဖြင့် တစ်ဖန်ပြန်ထိမ်းထားကာ စင်လိုက်ကလေးကို နွားရဲ့ကျောကုန်းပေါ်တင်ပေးလိုက်ပြီး နွားရဲ့ခန္တာကိုယ်အစိတ်အပိုင်းတွေဆီ ကြိုးတွေနဲ့ပြန်ထိန်းပေးလိုက်သောအခါ နွားလမ်းလျှောက်လျှင် ဤကြိုးတွေကပဲ ခလောက်ကို အသံမြည်အောင် ဆွဲသလိုဖြစ်သွားပါသည်.

အချုပ်လေးအနေဖြင့် တီးဝိုင်းစကားနှင့်ပြောရရင် ဘေ့စ် သံလိုဖြစ်နေပြီး ထိုခလောက်ကြီးတွေကိုနွား လည်ပင်းချည်ပေးဖို့ဆိုသည်မှာ နွားတစ်ကောင်အတွက် မသက်သာ မသင့်တော်လို့ စင်ကလေးလုပ်တင်ထားခြင်းဖြစ်ပြီး ထိုခလောက်သံဟာ အသံစနစ်နဲ့ထိန်းကြောင်းခြင်းဖြစ်သလို

ခလောက်ကြီးတင်ထားခံရသောနွားတွေ အနေဖြင့် ၀န်မတင်ခြင်းကလည်း ခေါင်းဆောင်ဆိုသော ခံယူချက်အဖြစ်နှင့် လမ်းကြောင်းစေချင်သော သဘောနဲ့ အသုံးပြုခဲ့ပါကြောင်း တင်ဆက်လိုက်ရပါသည်… {မူရင်းစာရေးသူ Alexandr Ben စာမူမှပြန်လည်ကူးယူဖေါ်ပြပါသည်။} လေးစားစွာဖြင့် ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*