မြန်မာနိုင်ငံတွင် အရှည်ဆုံး ၀ါးတံတားဖြစ်သည့် တာပိန်မြစ်ကူးတံတား ဆောက်လုပ်ပြီးစီး

မြန်မာနိုင်ငံတွင် အရှည်ဆုံး ၀ါးတံတားဖြစ်သည့် တာပိန်မြစ်ကူးတံတား ဆောက်လုပ်ပြီးစီး

ပေ ၁၇၀၀ ရှည်သည့် မြန်မာနိုင်ငံတွင် အရှည်ဆုံး ရာသီဝါးတံတားဟု ဆိုသော ဗန်းမော်-စင့်ကင် တာပိန်မြစ်ကူးတံတားမှာ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ဆောက်လုပ်ပြီးစီး ခဲ့ကြောင်း သတင်းရရှိသည်။

တံတားမှာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဗန်းမော်မြို့နှင့် စင့်ကင်ကျေးရွာသို့ ဆက်သွယ်ထားသည့် ၀ါးတံတားဖြစ်ပြီး ကျေးရွာ ပေါင်းခြောက်ရွာမှ စေတနာရှင် လုပ်အားဒါနပြုသူ ၇၀၀ ကျော်က တစ်ရက်ခွဲကြာ ဆောက် လုပ်ခဲ့ရပြီး နှစ်စဉ်မြစ်ရေကျချိန်တွင် ဆောက်လုပ် ရသည့် ဆောင်းနှင့် နွေရာသီ တွင် အသုံးပြုသည့် ယာယီဝါးတံတား ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မျှောတိုင် ၃၂၇ တိုင်၊ ကျားကန်တိုင် ၃၂၇ တိုင်၊ ထုတ် ၁၆၃ ချောင်း၊ ခြောက်လက်မအကျယ်ထု တစ်လက်မ ပျဉ် ချောင်း ၉၁၀ ချောင်း ၀ါး အလုံးရေ ၁၀၀၀၊ ကြိမ် ၁၅၀၀ ပင်၊ ကြိုးပိဿာ ၅၀၊ သွပ်နန်းကြိုးပိဿာ ၂၀ ကုန်ကျခဲ့ကြောင်း၊

တံတားဆောက်လုပ်ရန်အတွက် စင့်ကင်ရွာမှ တစ်အိမ်လျှင် ၀ါးတစ်လုံး၊ မျှောတိုင်တံတစ်လုံး၊ ကြိမ်တစ်ချောင်း၊ ၀ါးကပ်တစ်ခုစသည်ဖြင့် ခွဲတမ်းပစ်ကာ ဒေသတွင်း မထုတ်နိုင်သည့် သံထည်များသာ အပြင်မှဝယ်ယူရကြောင်း စင်ကျင့်ရွာမှ ရပ်ရွာလူကြီး ဦးကျော်ထွန်းက ဆိုသည်။

၎င်းက “နှစ်နှစ်ရှိပြီ မြစ်ရေနည်းတော့ တိုင်တွေ စက်လှေနဲ့သယ်ရခက်လို့ နှစ်ရက်ဆောက်ရတာ အရင်နှစ်တွေကဆိုရင် တစ်ရက်များတယ်။ ၁၉၇၄ ခုနှစ်ကနေ နှစ်တိုင်း ဆောက်ခဲ့ကြတာ။ ၄၇ နှစ်ရှိပြီပေါ့။ တံတား တန်ဖိုးတော့ သိန်းရာကျော်မယ်လေ။လုပ်တဲ့ သူ ၇၀၀ ကျော်တယ်လေ။

အခင်းပျဉ် ၆/၁ (ခြောက်လက်မအကျယ်၊ တစ်လက်မထု) အချောင်း ဆယ်ချပ်တွဲ ၉၁ ဆက်ရှိတယ်။ ကျွန်တော်တို့ရွာက အိမ်ခြေ ၆၀၀နီးပါးရှိတယ်။ တစ်အိမ် ကြိမ်တစ်ချောင်း၊ ၀ါးတစ်လုံး၊ တိုင်တစ်လုံး၊ ၀ါးကပ်တစ်ခင်း ခွဲတမ်းပစ်ပြီး အားလုံးက စေတနာနဲ့ ဝိုင်းကူဆောက်ကြတာ။

အခုတော့ ပျဉ်ခင်းဖြစ်ပြီပေါ့။ ကျွန်တော်တို့ဆီမှာ မရှိတဲ့ သံ၊ နန်းကြိုးတို့ပဲ ဝယ်ရတာ။ အားလုံးစေတနာနဲ့ပဲ။ ကျွေးမွေးကြတဲ့သူတွေလည်း ရွာစဉ်ထိုးပြီးလာတာ။ စားလို့မကုန်ဘူး။ပျော် စရာကို ဖြစ်နေတာ”ဟု ဆိုသည်။တံတား၏ သက်တမ်းမှာ ခြောက်လမှ ရှစ်အထိ ကြာမြင့်သည့် ရာသီ တံတားသာဖြစ်ကြောင်း သိရသည်။

တံတားကူးခမှာ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅၀၀ ကောက်ခံပြီး လူကိုဖြတ်သန်းခ ကောက်ခံမှုမရှိဘဲ စေတနာကျေးဖြင့်သာ အလှူခံကြောင်း၊ တံတားဆောက်လုပ်ရာတွင်လည်းကောင်း၊ ထိန်းသိမ်းရာ၌ လည်းကောင်း ပါဝင်သည့် ကျေးရွာများကို ငွေကြေးကောက်ခံမှု မရှိကြောင်း သိရသည်။

ယင်းအလှူခံငွေသည် တစ်နှစ်လျှင် ကျပ်သိန်း ၇၀ နှင့်အထက် ရရှိတတ်ပြီး ပညာရေးနှင့် သာသနိကအဆောက် အအုံများအတွက် အသုံးပြုကြောင်း သိရသည်။

ယင်းတာပိန်မြစ်ကူးတံတားမှာ စင့်ကင်ဘက်ခြမ်း တိုက်ရိုက်အသုံးပြုသည့် ကျေးရွာ ခုနစ်ရွာရှိပြီး အခြားကျေးရွာ ၁၁ ရွာနှင့် ဗန်းမော်မှ မြစ်ကြီးနားမြို့သို့ သွားလာသူများလည်း ဖြတ်လမ်းအဖြစ် အသုံးပြုကြောင်း၊ မိုးမောက်မြို့နယ်အနောက်ခြမ်း ကျေးရွာများကလည်း ဗန်းမော်မြို့သို့ သွားရာတွင် ဖြတ်လမ်းအဖြစ် အသုံးပြုကြောင်း သိရသည်။

တာပိန်မြစ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြစ်ဖျားခံပြီး မြန်မာနိုင်ငံ ဗန်းမော်မြို့အနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ဧရာဝတီမြစ်၏ ပထမဆုံးမြစ်လက်တက်ဖြစ်ပြီး အချို့မြစ်ဖျားပိုင်းများမှာ တရုတ် -မြန်မာ နယ်နိမိတ်အဖြစ် စီးဆင်းသည်။ သမိုင်းတစ်လျှောက် တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါခဲ့ပြီး ဗန်းမော်မြို့မှာ ကူးသန်းရောင်းဝယ်မှု အချက်အချာ ဖြစ်ခဲ့သည်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*