ရေနံယိုစိမ့်မှုဖြစ်ခဲ့ပြီးနောက် ထိုင်း ကမ်းခြေတစ်ခုကို ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာ
ထိုင်း ပင်လယ်ကွေ့မှာ ရေအောက်ပိုက်လိုင်းတစ်ခုကနေ ရေနံယိုစိမ့်မှုဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ အရှေ့ပိုင်းက ကမ်းခြေတစ်ခုကို ဘေးအန္တရာယ်ဇုန်အဖြစ် ဇန်နဝါရီ ၂၉ မှာ ကြေညာခဲ့ပြီး ယိုစိမ့်ရေနံတွေ ကမ်းခြေကို ဆက်ရောက်ရှိနေကာ သဲပြင်တွေ မည်းနက်နေခဲ့တယ်လို့ သိရပါတယ်။
Star Petroleum Refining Public (SPRC) ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပိုက်လိုင်းဟာ အင်္ဂါနေ့ အနှောင်းပိုင်းမှာ စတင်ယိုစိမ့်ခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာ ယိုစိမ့်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ပိုက်လိုင်း ယိုစမ့်မှုကြောင့် နိုင်ငံရဲ့ စက်မှုထွန်းကားရာ အရှေ့ပိုင်း ကမ်းခြေဒေသမှ ၂၀ ကီလိုမီတာအကွာရှိ သမုဒ္ဒရာအတွင်း ခန့်မှန်းခြေ ရေနံလီတာ ၅၀၀၀၀ လောက် ယိုစိမ့်ပျံ့နှံ့ခဲ့ပါတယ်။
ယိုစိမ့်ရေနံတွေဟာ ပင်လယ်ကွေ့ ရေပြင် ၄၇ စတုရန်း ကီလိုမီတာကျော်ခန့်ကို ပျံ့နှံ့ခဲ့ပြီးနောက် သောကြာနေ့မှာ ရာယောင်းပြည်နယ်ရှိ Mae Ramphueng ကမ်းခြေ သောင်စပ်တွေသို့ ရောက်ရှိခဲ့ပါတယ်။
SPRC နဲ့အတူ ရေနံယိုစိမ့်မှုကို ထိန်းချုပ်ကိုင်တွယ်နေတဲ့ ထိုင်း ရေတပ်က ပြောဆိုရာမှာ ၁၂ ကီလိုမီတာ ရှည်လျားတဲ့ ကမ်းခြေတစ်လျှောက် နေရာ နှစ်ခုလောက်မှာပဲ ရေနံပမာဏ အနည်းငယ်ကို ရှင်းလင်းမှုလုပ်ထားနိုင်သေးကာ အဓိက ရေနံပြင်ဟာ ကမ်းခြေမှာ ဆက်ရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။
ကမ်းခြေမှာ ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် SPRC လုပ်သား ၁၅၀ ခန့်နဲ့ ရေတပ်စစ်တပ်ဖြန့်ထားကာ ရေနံအတားအဆီး ကိရိယာတွေ ချထားကြောင်းလည်း ရေတပ်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရေနံပြင် တားဆီး ရှင်းလင်း ထိန်းချုပ်ရေးအတွက် ရေတပ်သင်္ဘော ၁၂ စင်း၊ အရပ်ဖက်သင်္ဘော ၃ စင်းနဲ့ လေယာဉ်/ရဟတ်ယာဉ်တွေ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ CNA
Be the first to comment