မြစ်ကြီးနားမြို့တွင် အခါမဲ့ မိုးရွာသွန်းပြီး မိုးသီးများကြွေကျခဲ့

မြစ်ကြီးနားမြို့တွင် အခါမဲ့ မိုးရွာသွန်းပြီး မိုးသီးများလည်း ကြွေကျခဲ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြောက်ဘက်ခြမ်းတွင် မိုးရွာသွန်းပြီး မိုးသီးကြွေကျမှု ဇန်နဝါရီ ၁၃ ရက် နံနက်၉ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မိုးသီးကြွေကျမှုမှာ ကွက်ကျားဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပလန ရပ်ကွက် ၂ နှင့် ၃ တို့တွင် နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ပလနရပ်ကွက် ၃ မှ ဒေါ်လှဝင်းက ”ပလန ရပ်ကွက် ၁ မှာတော့ ၁ပိုင်းပဲ ကျတယ်တဲ့။ ၂ နှင့် ၃ မှာတော့ အားလုံးကို ပြည့်ထွက်သွားတယ်။သွပ်ပါးတွေ ဆန်ခါပေါက် ဖြစ်သွားတာ။ရော်ဘာခြံတွေမှာ အရွက်အားလုံးပြောင်ပဲ။ အခုလည်း မိုးသီးတွေ အိမ်းတိုင်း သိမ်းနေကြတယ်”ဟု ဆိုသည်။

မိုးသီးကြွေကျမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူး ဦးတင်ထိုက်က ” အနောက်အရပ်က တိုက်ခတ်လာတဲ့ လေကြောင့် အချိန်အခါမဟုတ် ရွာတဲ့မိုးပေါ့။ မြို့ပေါ်တော့ မိုးသီးကြွေတာ မရှိဘူး။မြို့မြောက်ဘက်ကြောမှာ ကြွေသွားတာ။ နောက်နှစ်ရက်လောက် အထိ ဒီလေက အကျိုးသက်ရောက်မှု ရှိဦးမှာပါ။ မိုးသီးကြွေဖို့ အခွင့်အလမ်းကတော့ နည်းသွားပါပြီ”ဟု ပြောကြားသည်။

ပူတာအိုမြောက်ပိုင်း ရေခဲတောင် ဒေသများတွင်လည်း ဇန်နဝါရီ ၁၂ ရက်နေ့က မိုးကြီးနေမှုကြောင့် ဖုန်ကန်၊ဖုန်ရင်၊မဒွယ်၊ဖုန်ရန် ရေခဲတောင် ခရီးစဉ်များ ရပ်နားထားရန် ရေခဲတောင်ခရီးသွားလုပ်ငန်းများနှင့် ဝေးလံခေါင်ဖျားဒေသ အကူအညီများပေးနေသူ ကိုဆန်လုရမ်ဆိုင်းက ၄င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် အသိပေးခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က မိုးသီးကြွေကျမှုကြောင့် မြစ်ကြီးနားမြို့နယ် အတွင်းရှိ မုန်ညင်းဆီစိုက်ခင်းများ တစ်ထောင်ဝန်းကျင် ပျက်စီးသွားကြောင်း သိရသည်။ မိုးသီးကြွေကျမှုကြောင့် ၂၀၁၅ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က ဗန်းမော် ခရိုင်အတွင်း ရာသီစိုက်ပျိုးသီးနှံများ ဧကထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့သည်။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*