ထောင်အနှစ် ၂၀ ချမှတ်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေး ပြန်လွတ်မြောက်
တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခဲ့တဲ့ ပတ်ဂွမ်ဟေး ဟာ ၂၀၁၇ ခုနှစ်မှာ ချစားမှုကြောင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခံခဲ့ရပေမယ့် ထောင်ကျပြီး ငါးနှစ်အကြာမှာပဲ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
အသက် ၆၉ နှစ်အရွယ် ပတ်ဂွမ်ဟေး ဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်တင်မြှောက်တဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့ပြီး ၂၀၁၇ မတ်လ မှာ သူ့ရဲ့အာဏာသက်တမ်းက အဆုံးသတ်သွားခဲ့တာပါ။
တောင်ကိုရီးယားရဲ့ နာမည်ကျော် စီးပွားရေးလုပ်ငန်းစုတွေဖြစ်တဲ့ Lotte နဲ့ Samsung တို့ဆီကနေ ငွေကြေးတွေ လက်ခံရယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ပတ် ဟာ လက်ရှိသမ္မတ မွန်းဂျေအင်း ရဲ့ နှစ်သစ်အထူး လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
သမ္မတမွန်း ကတော့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ သမ္မတဟောင်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် ပြန်လည်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံတွင်း ရုပ်သံလိုင်းတွေမှာ ဆိုးလ်မြို့ထဲက ဆေးရုံတစ်ခုကနေ ထွက်ခွာလာတဲ့ ပတ် ကို ရိုက်ပြနေကြပြီး သူမဟာ ပြီးခဲ့တဲ့ လတွေကတည်း က အဲဒီဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေခဲ့ရတာဖြစ်တယ်လို့ ဖော်ပြနေကြတာပါ။
ပတ်ရဲ့ ပါတီဟောင်းဖြစ်တဲ့ ကွန်ဆာဗေးတစ်ပြည်သူ့ပါတီနဲ့ လက်ရှိသမ္မတမွန်း ရဲ့ ဒီမိုကရက်တစ်ပါတီတို့ဟာ လာမယ့်ရွေးကောက်ပွဲအတွက် အကြိတ်အနယ် ဖြစ်နေချိန်မှာပဲ ပတ် တစ်ယောက် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး သူမအနေနဲ့ နိုင်ငံရေးနယ်ပယ်ထဲ ပြန်လည်ဝင်ရောက်လာလိမ့်မယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက မှတ်ချက်ပေးထားကြပါတယ်။ ကိုးကား – Aljazeera
Be the first to comment