ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးကူညီမယ့် ဂျပန်က ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ

ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးကူညီမယ့် ဂျပန်က ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာအဖြစ် အသိအမှတ် ပြုခံထားရတဲ့ ဂျပန်နိုင်ငံက “Fugaku” ကွန်ပြူတာကို ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အသုံးပြုသွားတော့မှာဖြစ်ပါတယ်။

“Fugaku” ကိုသုံးပြီး ရုံးခန်းတစ်ခန်းလိုနေရာမျိုး ဒါမှမဟုတ် ပြူတင်းပေါက်တွေ ဖွင့်ပြီးမောင်းနှင်နေတဲ့ လူကြပ်တဲ့ ရထားတွဲလို နေရာမျိုးတွေမှာ အမှုန်ငယ်လေးတွေကတဆင့် ရောဂါပိုးဘယ်လောက်ထိ ကူးစက်ပြန့်ပွားနိုင်မလဲ ဆိုတာတွေကို တွက်ချက်ပေးပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ကိုသုံးပြီး ကိုဗစ်ကိုကုသဆေးရှာဖွေဖော်ထုတ်ရေးမှာ အကူအညီပေးနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။ အဲဒီ စူပါကွန်ပြူတာကို လာမယ့်နှစ်မှာ စွမ်းအားပြည့်အသုံးပြုနိုင်မှာပါ။

“Fugaku” ဂျပန်စူပါကွန်ပြူတာဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ IBM ရဲ့ ကွန်ပြူတာထက် တွက်ချက်မှုတွေ ပြုလုပ်တဲ့အခါ(၂.၈) ဆ ပိုမို မြန်ဆန်ပါတယ်။

အမေရိကန်နိုင်ငံ IBM ကုမ္ပဏီထုတ် “Summit” လို့ နာမည်ပေးထားတဲ့ ကွန်ပြူတာကတော့ လေးနှစ်ဆက်တိုက် ထိပ်တန်း ကွန်ပြူတာ (၅၀၀) စာရင်းမှာ ပထမချိတ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Fugaku ကွန်ပြူတာစနစ်ဟာ ကမ္ဘာ့အမြန်ဆုံး ဖြစ်ခဲ့တာကြောင့် အမေရိကန်နဲ့ တရုတ်တို့ ကာလကြာရှည် လွှမ်းမိုးထားခဲ့တဲ့နေရာကို နှစ်ပေါင်း(၁၁) နှစ်အတွင်း ဂျပန်နိုင်ငံကရောက်လာတာပါ။

အခန်းတစ်ခန်းစာလောက် ကြီးမားတဲ့ အဲဒီစူပါကွန်ပြူတာကို ဂျပန်နိုင်ငံ ခိုဘဲ့(Kobe) မြို့မှာ တပ်ဆင်ထားတာ ဖြစ်ပြီး ဂျပန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Fujitsu နဲ့ အစိုးရ ထောက်ပံ့ပေးထားတဲ့ Riken သင်တန်းကျောင်းတို့ ပူးပေါင်းပြီး(၆) နှစ်ကျော် အချိန်ယူတီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယ Summit စူပါကွန်ပြူတာကိုတော့ အမေရိကန်နိုင်ငံ Tennessee ပြည်နယ်မှာရှိတဲ့ Oak Ridge အမျိုးသားဓါတ်ခွဲခန်းမှာ တပ်ဆင်ထားတာပါ။

တတိယနေရာမှာ စူပါကွန်ပြူတာကတော့ IBM က ထုတ်လုပ်တဲ့ဟာဖြစ်ပြီး ကယ်လီဖိုးနီးယား(California) ပြည်နယ်မှာရှိတဲ့ Lawrence Livermore အမျိုးသား ဓါတ်ခွဲခန်းမှာ တပ်ဆင်ထားတာဖြစ်ပါတယ်။

စတုတ္ထနဲ့ ပဉ္စမနေရာက စူပါကွန်ပြူတာတွေကတော့ တရုတ်နိုင်ငံမှာ တပ်ဆင်ထားတဲ့ စူပါကွန်ပြူတာတွေပဲ ဖြစ်ပါတယ်။ စူပါကွန်ပြူတာတစ်လုံးဟာ သာမန်ကွန်ပြူတာတွေထက် အဆ(၁၀၀၀) ကျော် ပိုမြန်မြန် အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ Ref ; BBC

Add a Comment

Your email address will not be published. Required fields are marked *