သရုပ်ဆောင် မင်းရာဇာအား အရှေ့ပိုင်းခရိုင် တရားရုံးတွင် ပုဒ်မ ၃၇၆ ဖြင့် မနက်ဖြန်တွင် စတင် စစ်ဆေးမည်

သရုပ်ဆောင် မင်းရာဇာအား အရှေ့ပိုင်းခရိုင် တရားရုံးတွင် ပုဒ်မ ၃၇၆ ဖြင့် မနက်ဖြန်တွင် စတင် စစ်ဆေးမည်

သရုပ်ဆောင် မင်းရာဇာအား ပုဒ်မ ၃၇၆ ဖြင့် စွဲဆိုထားသော အမှုအား မနက်ဖြန် (ဇွန် ၂၆ ) ရက်တွင် ရန်ကုန် အရှေ့ပိုင်းခရိုင် တ ရားရုံး၌ စတင် စစ်ဆေးမည်ဟု တရားလိုဘက်မှ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အလားတူပင် ယနေ့ (ဇွန် ၂၅ ရက်) တွင်လည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ သရုပ်ဆောင် မင်းရာဇာ၊ ၎င်း၏ ဇနီး မဖူးငုံပွင့်နှင့် ယာဉ်မောင်းဖြစ်သူ ရခိုင်လေးတို့အား ပုဒ်မ ၃၂၆/၃၄ ( ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ၊ အကြံတူတစ်ခုကို အထမြောက်အောင် ပြုခြင်း) ဖြင့် ရုံးထုတ်ခဲ့ပြီး အမှုစစ်ဆေး နိုင်ခဲ့ခြင်းမရှိဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

သရုပ်ဆောင် မင်းရာဇာက “ အနုပညာ သမားတွေပါ။ အားလုံးအထင်လွဲအောင် ဒီလောက်အထိလည်း မရက်စက် ပါဘူးခင်ဗျာ။ ကျွန်တော်တို့တွေက သူတို့ မိသားစုအပေါ်မှာ စေတနာ ပဲရှိခဲ့တာပါ။ မေတ္တာတွေပဲ ထားခဲ့တာပါ။ အရာအားလုံးက သံသယကြောင့် ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို အဲဒီလောက်အထိ ကြီးကျယ်တာ မဟုတ်ပါဘူး ” ဟု ယနေ့ ရုံးထုတ်အပြီးတွင် သတင်း မီဒီယာများကို ပြောကြားခဲ့သည်။

မင်းရာဇာ၏ ယောက္ခမ ဦးမောင်မောင်အေးကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၃၂၅ (မိမိ အလိုအလျောက် နာကျင်စေမှု) ဖြင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ထပ်မံ တရားစွဲဆိုထားပြီး မြောက်ဥက္ကလာပမြို့နယ် တရားရုံးက မေ ၆ ရက်တွင် အာမခံပေးခဲ့သည်။

သရုပ်ဆောင် မင်းရာဇာ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ အမှုမှ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်အား စံတော်ချိန် သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ” သက်သေပြဖို့က သူတို့မှာ တာဝန်ရှိတာပဲ။ သူ့ဘာသာ ဘာပြောပြောပါ။ ကျွန်တော်တို့က တရားရုံး အဆုံး အဖြတ်ကိုပဲ စောင့်ဆိုင်းမှာပါ ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် တရားလိုဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်နေ ဒေါ်…. (၃၅) နှစ်က သမီးဖြစ်သူ မ….(၁၅) နှစ်သည် လွန်ခဲ့သော ၅ နှစ်ခန့် မှစ၍ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဇောတိက လမ်းရှိ သရုပ်ဆောင် မင်းရာဇာ၏ နေအိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ် ခဲ့ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာပေါ်၌ မင်းရာဇာ၏ လူမှုရေး ပြသနာအား ဇနီးဖြစ်သူ မဖူးငုံပွင့် (ခ) ဇူးဇူးမှ အသံဖိုင်ဖြင့် တင်ထားခဲ့သည်ကို ကြားသိရသဖြင့် သမီးဖြစ်သူကို စိုးရိမ်သောကြောင့် ရန်ကုန်မြို့သို့ လိုက်လာခဲ့ကြောင်း၊ ထိုသို့ လိုက်လာစဉ် တာမွေမြို့နယ်ရှိ မင်းရာဇာ၏ နေအိမ်၌ သမီးဖြစ်သူကို မတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆက်လက်၍ မင်းရာဇာ၏ဇနီး မဖူးငုံပွင့် (ခ) ဇူးဇူး၏ မိဘများနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်သို့ သွားရောက် ကြည့်ရှုရာ သမီးဖြစ်သူကို တွေ့ရှိရပြီး လမ်းလျှောက်ပုံမမှန်၍ မေးမြန်းခဲ့ရာ မင်းရာဇာမှ သမီးဖြစ်သူ၏ ခန္ဓာကိုယ် အောက်ပိုင်းအား အက်ဆစ် ထည့်ထားသော စပရေးဘူးဖြင့် ပက်ခဲ့သောကြောင့် ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

အလားတူပင် ဧပြီ လ ၅ ရက်၊ ညနေပိုင်းတွင်လည်း မင်းရာဇာ၏ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးမှ တရားလို၏ သမီးဖြစ်သူအား ခေါင်းကို တူဖြင့် နှစ်ချက် ထုရိုက်ခဲ့ရာ နောက်စေ့ဖူးရောင် သွေးထွက် ဒဏ်ရာ နှစ်ချက်လ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများမှ သိရသည်။ Source ; စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *