ပေါင်မြို့နယ်တွင် ဝက်များ ရုတ်တရက် ခြံလုံးကျွတ် သေဆုံးမှုများ ဖြစ်ပွား

ပေါင်မြို့နယ်တွင် ဝက်များ ရုတ်တရက် ခြံလုံးကျွတ် သေဆုံးမှုများ ဖြစ်ပွား

ပေါင် မြို့နယ်ရှိ တစ်ပိုင်တစ်နိုင် မွေးမြူထားသော ဝက်များ ယခုရက်ပိုင်းအတွင်း ခြံလုံးကျွတ် သေဆုံးကုန်သဖြင့် မွေးမြူရေးသမားများ ဆုံးရှုံးမှုများ ရှိနေသည်ဟု သိရပါသည်။

” စုစုပေါင်း ၆ ကောင် မွေးထားတာပါ။ တစ်ရက်ခြားဘဲ အားလုံးသေကုန်တယ် ” ဟု မိုးနှိုင်းရပ်ကွက် ရတနာလမ်းနေ ဒေါ်ဝင်းခိုင်က ပြောသည် ။ ထို့အတူ ဦးကျောက်စီ အိမ်မှာမွေးထားသော ၀က် ၆ကောင်လည်း သေဆုံးခဲ့သည် ။ ” မနှစ်ကလည်း သေတယ် နားရွက် ပြာ ရောဂါလား ဘာလားတော့ မသိဘူး။ ဒီနှစ်ကျတော့ အစာစား နေရင်း လဲကျပြီး သေကုန်တာ ” ဟု ဦးကျောက်စီ၏ ဇနီးဖြစ်သူက ပြောပြခဲ့သည် ။

လွန်ခဲ့သော ၁၅ ရက်ခန့်က စတင်ပြီး ၀က်များ သေဆုံးနေခြင်းဖြစ်ရာ ယခုရက်ပိုင်းအထိ သေဆုံးနေဆဲဖြစ်ကြောင်း သတင်းမေးမြန်းသိရပြီး မိုးနှိုင်းရပ်ကွက်နှင့် ဥတ္တံတားကျေးရွာများတွင် မွေးမြူရေးခြံမှ ၀က်အားလုံး သေဆုံးနေခြင်းလည်း ဖြစ်သည်။

အလှပ်ကျေးရွာ ကဒုံစီးရပ်ကွက် ဥတ္တံတားကျေးရွာ နှင့် သဲကုန်းကျေးရွာများမှ ၀က်များလည်း အလားတူ သေဆုံးခဲ့ပြီး ဥတ္တံတားကျေးရွာမှ ၀က်သားသတ်လုပ်ငန်းခေတ္တရပ်ထားရကြောင်းသိရသည်

“၀က်တွေသေတော့ လာစပ် ရောင်းတယ်။ နောက်ပိုင်း သိသွားတော့ ဘာမှန်းမသိတော့ မ၀ယ်တော့ဘူး ကျွန်တော်တို့ရွာမှာ အကောင် ၅၀ လောက် သေတယ်လို့သိရတယ် ” ဟု ဥတ္တံတားကျေးရွာမှ သားသတ်လိုင်စင်လုပ်ငန်း လုပ်ကိုင်သူ ဦးဖိုးချိုက ပြောပြခဲ့သည်။

မူလက ၀က်အသား တစ်ပိသာလျှင် ၁၂၀၀၀ ကျပ်ထိ ဆိုင်တင်ရောင်း နေခဲ့ရာ ၀က်များသေဆုံးသဖြင့် သားသတ်လုပ်ငန်းများမှ မ၀ယ် သောကြောင့် မွေးမြူသူများကပင် ကိုယ်တိုင်ဖျက်၍ တစ်ပိသာ ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ဖြင့် ရွာလှည့်ရောင်းချနေရာ မိမိတို့လုပ်ငန်းခေတ္တရပ်နား ထားရသည်ဟု ဦးဖိုးချိုက ပြောသည် ။

ကဒုံစီး ရပ်ကွက်၌လည်း အလားတူ ဝက်များ သေဆုံးသဖြင့် မွေးမြူရေးသမားများက တစ်ပိသာ ၅၀၀၀ ကျပ်ဖြင့် ရွာလှည့်ရောင်းနေကြကြောင်း ကဒုံစီးရပ်ကွက်နေ ဒေါ်သန်းဝင်းက ပြောဆိုခဲ့ပြီး အလှပ်ရွာ၌လည်း ၀က်များသေဆုံးခြင်း ဖြစ်နေကြောင်း ရွာသားတစ်ဦးက ပြောဆိုခဲ့သည် ။

သေဆုံးသော ၀က်များအား ရင်ခွဲစဉ် သရက်ရွက်များ အလွန်ကြီးနေပြီး အသားများ၌ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရကြောင်းအမည်မဖော်လိုသူ ၀က် သားသတ်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုထားသည်။ ဝက်များ သေဆုံးခြင်းကြောင့် မွေးမြူသူများ နစ်နာဆုံးရှုးနေကြသလို စားသုံးသူများအနေဖြင့် ဈေးပေါပေါဖြင့် ၀ယ်ယူရရှိနေသော်လည်း ကူးစက်ရောဂါဖြင့် သေဆုံးခြင်းဖြစ်ပါက စိုးရိမ်စိတ်များရှိနေသည် ။

ပေါင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ထိုကိစ္စနှင့်ပတ်သက်ပြီး သွားရောက်မေးမြန်းရာ တွင် “အဲ့လိုသေနေကြတာကို သဲကုန်းကျေးရွာက ၂ ကောင် သေတာဘဲ လာအကြောင်းကြားတာရှိတယ်။ ကျန်တဲ့ရွာတွေက လာပြောတာမရှိပါဘူး။

ရာသီ အကူးအပြောင်းမှာ ဝက်တွေဖျားပြီး သေတတ်တဲ့ အခြေအနေတော့ ရှိပါတယ်။ ကူးစက်ရောဂါ ဟုတ်မဟုတ်ကတော့ စစ်ဆေးတာ မလုပ်ရသေးတော့ မှတ်ချက်ပေးဖို့ အဆင်မပြေဘူး” ဟု မွေးကုဌာနမှ ဦးစီးအရာရှိ ဒေါက်တာသက်နိုင်က ရှင်းပြပြောဆိုခဲ့သည်။

မွေးကု ဌာနအနေဖြင့် အာဖရိက ၀က်အပြင်းဖျားရောဂါ နှင့်ပတ်သက်ပြီး နယ်ကျော်တင်ပို့ရန် လာသတင်းပို့သူများ၏၀က်များကိုသွေးနမူနာယူပြီး စစ်ဆေးနေရာ တစ်လအတွင်း ၀က်အကောင် ၅၀၀ အား စစ်ဆေးထားသော်လည်း ထိုရောဂါနှင့်ပတ်သက်ပြီး ကူးစက်မှုမတွေ့ရသေးဟု ပေါင်မြို့နယ် မွေး ကု ဌာနက ရှင်းပြသည်။Crd ; ၀ရဇိန် ပေါင်

Add a Comment

Your email address will not be published. Required fields are marked *