ရေဖြူမြို့နယ် သုံးလောင်းပြိုင် လူသတ်မှုမှ တရားခံများကို မိပြီ

ရေဖြူမြို့နယ် သုံးလောင်းပြိုင် လူသတ်မှုမှ တရားခံများကို မိပြီ

ရေဖြူမြို့နယ်တွင် ဇွန်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် သုံးလောင်ပြိုင် လူသတ်မှု ကျူးလွန်သည်ဆိုသည့် အမျိုးသားလေးဦးကို ဖမ်းမိထားပြီး နှစ်ပတ်အတွင်း တရားစွဲတင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထားဝယ်-ရန်ကုန်ကားလမ်းပေါ် ၂၄ မိုင် ၃ ဖာလုံတွင် တည်ရှိသည့် မီးရထားသံလမ်း ဂိတ်စောင့်အိမ်တွင် အသက် ၁ နှစ်ကျော် အရွယ် ကလေးတစ်ဦး အပါအဝင် မိသားစုသုံးဦးကို သတ်သွားခြင်း ဖြစ်သည်။

သေဆုံးသူ၏ နေအိမ်ကို စစ်ဆေးချိန်တွင် စိတ်ကြွဆေး ၂ ပြားခွဲခန့်ကို တွေ့ရှိသည့်အပြင် အခြားအထောက် အထားများအရ ၎င်းမှာ WY စိတ်ကြွဆေး ရောင်းချနေသူ တစ်ဦးဖြစ်ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှိုင်မင်းထွန်းက ဆိုသည်။

အဆိုပါ မိသားစုကို သတ်ဖြတ်သူ ၄ ဦးက ၎င်းထံမှ မူးယစ်ဆေးဝယ်ယူသူများဖြစ်ပြီး အသက် ၂၀ နှစ်ကျော် အရွယ်များ ဖြစ်ကြောင်း ၎င်းက ပြောသည်။ မူးယစ်ဆေးဝယ်ချိန်တွင် ငွေကြေးမလုံလောက်သည့်အတွက် ဖုန်းဟန်းဆက်တစ်လုံးကို အပေါင်အဖြစ် ထားခဲ့ကြောင်း ဒုရဲမှူးကြီး လှိုင်မင်းထွန်းက ဆိုသည်။

မူးယစ်ဆေးများ သုံးစွဲပြီးနောက် ဖုန်းကို ပြန်ယူရန် ဇွန်လ ၁၃ ရက် နံနက် ၁ နာရီ ကျော်အချိန်တွင် အသက် ၂၉ နှစ်အရွယ် အမျိုးသား နှင့် ၂၇ နှစ်အရွယ် အမျိုးသားတို့က အဆိုပါအိမ်ကို ပြန်သွားခဲ့သည်ဟု စစ်ဆေးချက်အရ သိရကြောင်း ၎င်းက ပြောသည်။

ယင်းအိမ်ကို ရောက်ရှိချိန်တွင် ဖုန်းပြန်တောင်းသည်ကို အကြောင်းပြု၍ စကားများရာမှ အသက် ၂၉ နှစ်အရွယ် အမျိုးသားက အိမ်ရှင်အမျိုးသားကို အရိုးအသွား ၁၇ လက်မခန့်ရှိ ဓားဖြင့် ထိုးခဲ့ပြီးနောက် ကလေးနှင့် ဇနီးဖြစ်သူကို ၎င်းတို့နှစ်ဦးက ထပ်မံ သတ်ဖြတ်ခဲ့ကြောင်း ဒုရဲမှူးကြီး လှိုင်မင်းထွန်းက ဆိုသည်။

ယင်းသို့ သတ်ဖြတ်ပြီး သက်သေခံဓားကို သိမ်းဆည်းရန် ၂၄ နှစ်အရွယ် အခြား အမျိုးသားတစ်ဦးထံ အပ်နှံခဲ့ကြောင်း ၎င်းက ပြောသည်။ ထို့အတူ အခင်းဖြစ်ချိန်တွက် ဆက်သွယ်ပြီး အသုံးပြုခဲ့သည့် ဖုန်းနံပါတ်ကို ရဲတပ်ဖွဲ့ဝင်များ ဆက်သွယ် မရစေရန် အသက် ၂၂ နှစ်အရွယ် အခြားအမျိုးသားက ဖျောက်ဖျက်ပစ်ခဲ့ကြောင်း ဒုရဲမှူးလှိုင်မင်းထွန်းက ဆိုသည်။

ယင်းသို့ လုပ်ဆောင်ခဲ့ကြသည့်အတွက် အထက်ပါ အမျိုးသားနှစ်ဦးကလည်း လူသတ်ရာတွင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“အခင်းဖြစ် နေအိမ်မှာ တွေ့ရှိရတဲ့ မူးယစ်ဆေးဝါး နှစ်ပြားခွဲကျော်နဲ့ မူးယစ်ဆေးဝါးပေးပို့ရာမှ ဆောင်ရွက်ထားတဲ့ ငွေလွှဲပြေစာ ဖြတ်ပိုင်းများကို အခြေခံပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွယ်နိုင်တယ်လို့ သုံးသပ်ပြီး ကျေးရွာမှာရှိတဲ့ လူငယ် လူရွယ်များ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွယ်မှုများကို အလေးထားပြီးတော့ စုံစမ်း စစ်ဆေးခဲ့ပါတယ်”ဟု ဒုရဲမှူးကြီး လှိုင်မင်းထွန်းက ဆိုသည်။

ထိုကြောင့် လူသတ်မှုကျူးလွန်သူက နှစ်ဦးဖြစ်ပြီး အားပေးကူညီသူက နှစ်ဦးဖြစ်သည်။ လူသတ်မှု ကျူးလွန်သူများအနက် တစ်ဦးကို ဇွန်လ ၂၄ ရက်နေ့က ရေးမြို့တွင် သွားရောက် ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် သက်သေခံဓား၊ ဆိုင်ကယ်၊ ဖုန်း၊ လူသတ်ချိန်က ဝတ်ထားသည့် အဝတ်အစား အစရှိသည့် သက်သေခံပစ္စည်းများ ကို သိမ်းဆည်းထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့လေးဦးကို ချုပ်နှောင်ထားပြီး ရဲလုပ်ငန်းများအတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း ရဲမှူးကြီးကြည်စိုးက ဆိုသည်။“ နောက်အကျဆုံးကတော့ ရမန်နှစ်ပတ် (ရက်သုံးဆယ်) ကုန်ဆုံးတဲ့နေ့မှာ တရားစွဲ တင်သွားမှာပါ” ဟု ၎င်းက ပြောသည်။
ထို့အပြင် သေဆုံးသည့် အမျိုးသားထံ မူးယစ်ဆေးပို့နေသည့် ကွင်းဆက်များကို အရေးယူနိုင်ရေးစုံစမ်းနေကြောင်း ရဲမှူးကြီးကြည်စိုးက ဆိုသည်။

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှု ကျူးလွန်သည်ဆိုသည့် အမျိုးသား လေးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) /၁၁၄ (အားပေးကူညီမှု) တို့ဖြင့် ရေဖြူမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ Crd ; Dawei Watch

Add a Comment

Your email address will not be published. Required fields are marked *