တာချီလိတ်မြို့နယ်အတွင်းမှ ကျပ် ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ
|တာချီလိတ်မြို့နယ်အတွင်းမှ ကျပ် ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် ဇွန် ၂၈ ရက် နံနက် ၄ နာရီခွဲခန့်က ကျပ် ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာအနီး၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၈ ရက် နံနက် ၄ နာ ရီခွဲတွင် သတင်းအရ ရေပူစမ်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ဝါးရုံပင်အနီး ရှာဖွေစစ်ဆေးရာ မသင်္ကာဖွယ်ရာ မိုးကာ ပလတ်စတစ် အိတ်အစအား တွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ဆက်လက် တူးဖော်ရှာဖွေခဲ့ရာ မြေကြီးအတွင်း မြှုပ်နှံထားသော ဆာလာအိတ် အလုံး ၆၀ အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၆၄၈၀၀၀၀ ခန့်၊ စိတ်ကြွဆေးပြား အကြေ ( ရေစိုပုံစံပျက်) ၁၁၄၈ ကီလိုဂရမ်ခန့် (မူးယစ်ဆေးဝါးများ ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံ ခန့်)၊
AK မောင်းပြန် ရိုင်ဖယ် တစ်လက်၊ ၎င်း ကျည်အိမ် တစ်ခုနှင့် ၎င်းကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် နှစ်လက်၊ နှစ်လုံးပြူး သေနတ်တစ်လက်၊ ၎င်းကျည် ငါးတောင့်၊ တစ်လုံးထိုး သေနတ်နှစ်လက်တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ သိရသည်။Source ; စံတော်ချိန်