မွန်ပြည်နယ်တွင် ဘတ်ဂျက်နှင့် လုပ်အား အခက်အခဲကြောင့် ပြည်တော်ပြန်များကို COVID-19 ရောဂါပိုး ရှိ၊ မရှိ တစ်ကြိမ်သာ စမ်းသပ် စစ်ဆေးတော့မည် ဟုဆို

မွန်ပြည်နယ်တွင် ဘတ်ဂျက်နှင့် လုပ်အား အခက်အခဲကြောင့် ပြည် တော်ပြန်များကို COVID-19 ရောဂါပိုး ရှိ၊ မရှိ တစ်ကြိမ်သာ စမ်းသပ် စစ်ဆေးတော့မည် ဟုဆို

ဘတ်ဂျက်နှင့် လုပ်အား အခက်အခဲကြောင့် မွန်ပြည်နယ်ရှိ facility quarantine camp တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသော ပြည်တော်ပြန်များကို COVID-19 ရောဂါပိုး ရှိ / မရှိ တစ်ကြိမ်သာ စမ်းသပ် စစ်ဆေးတော့မည် ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။

ယခင်ကနေရပ်ပြန်များကို facility quarantine camp ရောက်ပြီး ငါးရက် အကြာမှာ တစ်ကြိမ် ၊ ၂၁ ရက်ပြည့်ဖို့ ငါးရက်အလိုမှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် စစ်ဆေးခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ကြိမ်သာ စစ်ဆေးတော့မည် ဖြစ်သည်။

ယခုအခါ camp ရောက်ပြီး ၇ ရက်အကြာမှာ ရောဂါးပိုး ရှိ၊ မရှိကို စစ်ဆေး သွားမည်ဖြစ်ပြီး ပိုးမတွေ့ရင်တော့ သက်ဆိုင်ရာ မြို့နယ်တွေမှာ ၂၁ ရက်ပြည့်အောင် အသွားအလာ ကန့်သတ်နေထိုင်ရမည်။

“ ကုန်ကျစရိတ် အရရော စစ်နိုင်တဲ့ အင်းအား အရရောကြောင့် လျှော့လိုက်တယ် ပေါ့နော် ၇ ရက် မြောက်နေ့မှာ တစ်ကြိမ်ပဲ စစ်ဆေးတော့မယ် ” ဟု မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောဆိုသည်။

ဓာတ်ခွဲ နမူနာတစ်ခု စစ်ဆေးရင် အနည်းဆုံး ကုန်ကျစရိတ် ကျပ် ၂ သိန်း ရှိတဲ့အပြင် ဓာတ်ခွဲခန်းမှာ စစ်ဆေးရမည့် နမူနာ အရေအတွက် များပြားလွန်တာကြောင့် ယခုလို အကြိမ်ရေ လျှော့ချခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့ပေမယ့် ရောဂါပိုးရှိသူကို တိုက်ရိုက် ထိတွေ့ခဲ့သူများနှင့် ရောဂါအဖြစ်များဆုံး နိုင်ငံမှ ပြန်လာသူ တွေကိုတော့ နှစ်ကြိမ် စစ်ဆေးသွားမည် ။ ပြည်တော်ပြန်များ၏ ဓာတ်ခွဲနမူနာများကို ပြည်သူ့ကျန်းမာမှုဆိုင်ရာ ဓာတ်ခွဲဌာန ( မော်လမြိုင် ) တွင် တစ်ရက်ကို ဓာတ်ခွဲ နမူနာ ၂၇၀ ကျော် နေ့စဉ် စစ်ဆေးနေသည်။ COVID-19 ရောဂါ စတင်ဖြစ်ပွား ချိန်ကစပြီး ယခုအချိန်ထိ မွန်ပြည်နယ်မှ ဓာတ်ခွဲ နမူနာ ခုနှစ်ထောင် နီးပါး စစ်ဆေးခဲ့ပြီး COVID-19 အတည်ပြု လူနာ နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။ Ref ; Southern Myanmar News

Add a Comment

Your email address will not be published. Required fields are marked *