တောင်ကြီးမြို့မှာ မူးယစ်ဆေးဝယ်တဲ့ရဲ (၂) ယောက်ကို ပြည်သူတွေဝိုင်းဖမ်း

တောင်ကြီးမြို့မှာ မူးယစ်ဆေးဝယ်တဲ့ရဲ (၂) ယောက်ကို ပြည်သူတွေဝိုင်းဖမ်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရွှေတောင် ရပ်ကွက်မှာ မူးယစ်ဆေးသုံးစွဲဖို့ဆိုပြီး လာရောက် ဝယ်ယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက်ကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူတွေက ဝိုင်းဝန်း ဖမ်းဆီးလိုက်တယ်လို့ အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မူးယစ်ဆေး ရောင်းချတဲ့ နေအိမ်မှာ ဇူလိုင် (၇) ရက်က ညပိုင်းလာရောက် ဝယ်ယူချိန် ဖမ်းဆီးရမိ ခဲ့တာဖြစ်ပြီး ဖမ်းဆီးခဲ့ချိန်မှာ တပ်ဖွဲ့ဝင် ( ၅ ) ယောက်ရှိခဲ့ပေမဲ့ (၂) ယောက်မှာပဲ မူးယစ်ဆေးဝါး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

” သူတို့က သုံးစွဲဖို့ လာရောက် ဝယ်ယူတာပေါ့။ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိ ရပ်ဖတွေက လုံခြုံရေး ဆောင်ရွက်နေချိန်မှာ သူတို့လက်ထဲမှာ ဆေးပြား (၉) ပြားနဲ့ ဖမ်းမိခဲ့တာပါ။ ” လို့ ရွှေတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက O Media ကို ပြောပါတယ်။

အဲဒီရဲတပ်ဖွဲ့ဝင် (၂) ယောက်ကို ထပ်မံ စစ်ဆေးတာကနေ ရောင်းချပေးလိုက်သူကိုလည်း အဲဒီရပ်ကွက်မှာပဲ ဆေးပြား (၃၈) ပြားနဲ့ အတူ ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။

” ရောင်းပေးတဲ့ သူကိုလည်း တရားစွဲ ထားပါတယ်။ ရဲတွေက သုံးစွဲဖို့ လာဝယ်တဲ့ သဘောပေါ့။ ကျန်တဲ့ (၃) ယောက် ဆီမှာ ပစ္စည်းမမိတော့ ခံဝန်နဲ့ နောက်မလာဖို့ ပြောလိုက်တာပေါ့။ ရပ်ကွက်ထဲကိုမလာဖို့ ခံဝန်ထိုးခိုင်း တာပေါ့။ အမှန်က ရဲဆိုရင် သူတို့ကတောင် ဖော်ထုတ် ရမှာလေ။ မိတာကတော့ ဆိုင်ကယ်စီးတဲ့ တစ်ယောက်နဲ့ နောက်က တစ်ယောက်ဆီမှာ မိတာပါ။” လို့ ဦးသန်းရွှေက ပြောပါတယ်။

ရွှေတောင် ရပ်ကွက်ထဲက မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ ကျော်ဇောသူတွေရဲ့ နေအိမ်တွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူတွေက စစ်ဆေးတဲ့အချိန် အဲဒီလို ဖမ်းဆီးရမိ ခဲ့တာပါ။

အဲဒီကိစ္စကို တောင်ကြီးမြို့မ ရဲစခန်းမှာ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ယောက်က O Media ကိုပြောပါတယ်။ Source ; Omedia

Add a Comment

Your email address will not be published. Required fields are marked *