သက်ငယ်မုဒိန်းမှု ကျူးလွန်သူတစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ ချမှတ်
|သက်ငယ်မုဒိန်းမှု ကျူးလွန်သူတစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ ချမှတ်
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် အသက် ၆ နှစ်အရွယ် မိန်းက လေးငယ်အား မုဒိန်းမှု ကျူးလွန်ခဲ့သည့် အသက် ၃၈ နှစ် အရွယ်အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ – ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဇူလိုင် ၈ ရက်၊ နံနက် ၁၀ နာရီ အချိန်က ရွှေကျင်မြို့နေ တရားလိုသည် မြေးနှစ်ဦးနှင့် အတူ အိပ်ပျော်နေရာမှ တစ်ရေးနိုးသောအခါ မြေးအငယ်ဖြစ်သူ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အား မတွေ့သဖြင့် အော်ခေါ်စဉ်
မျက်နှာချင်းဆိုင် အိမ်နေ တရားခံ ရဲရွှေ (အသက် ၃၈ နှစ်) မှ ကလေးငယ်ကို ချီကာ ခေါင်းရင်းရှိခြံထဲ လာပို့ကြောင်း သိရသည်။ ထို့နောက် မိန်းကလေးငယ်၏ မိန်းမအင်္ဂါ ယောင်၍ နီနေသည်ကို တွေ့ ရသောကြောင့် မေးမြန်းခဲ့ရာ တရားခံရဲရွှေမှ ခေါင်းရင်းခြံနောက်အပြင်ဘက်တွင် သားမယားအဖြစ် နှစ်ကြိမ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၉ ဇူလိုင် ၁၃ ရက်တွင် ရွှေကျင်မြို့မ ရဲစခန်းက (ပ) ၁၆၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ရာ ၎င်း တရားခံကို ဖမ်းဆီးစစ်ဆေး၍ တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆိုမှုမှာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၈ ရက်တွင် ၎င်းတရားခံကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ Source ; စံတော်ချိန်