ဘောလိဝုဒ်ရဲ့ အချမ်းသာဆုံး မင်းသား ၁၀ ဦးထဲက တစ်ဦးဖြစ်တဲ့ မင်းသားကြီး အက်ရှေကူးမား (သို့မဟုတ်) အိန္ဒိယဂျက်ကီချန်း ရဲ့ ဘဝအကြောင်း

ဘောလိဝုဒ်ရဲ့ အချမ်းသာဆုံး မင်းသား ၁၀ ဦးထဲက တစ်ဦးဖြစ်တဲ့ မင်းသားကြီး အက်ရှေကူးမား (သို့မဟုတ်) အိန္ဒိယဂျက်ကီချန်း ရဲ့ ဘဝအကြောင်း

အိန္ဒိယရုပ်ရှင် ဘောလိဝုဒ်ရဲ့ နာမည်ကျော် ထိပ်တန်မင်းသားကြီး ‘အက်ရှေကူးမား’ ကို အိန္ဒိယရဲ့ ဂျက်ကီချန်း အဖြစ်လည်း လူသိများပါသေးတယ်။ သူရိုက်တဲ့ ရုပ်ရှင် ဇာတ်ကား အများစုဟာ အက်ရှင်ကားတွေဖြစ်ပြီး အသက် အန္တရာယ်ရှိတဲ့ စတန့်ခန်းတွေမှာ လူစားမထိုးပဲ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်တဲ့ စတန့် မင်းသားလည်း ဖြစ်ပါတယ်။

‘အက်ရှေကူးမား’ ကို ၁၉၆၇ ခုနှစ် စက်တင်ဘာ (၉) ရက်မှာ ပန်ဂျပ်ပြည်နယ် အမရစ်ဆာမြို့မှာ မွေးဖွားခဲ့ပါတယ်။ ပန်ချာပီ မိသား စုက မွေးဖွားလာတဲ့ ‘အက်ရှေကူးမား’ ရဲ့ ငယ်နာမည် အရင်းက ‘ရာဂျစ်ဗ် ဟာရီ အွန်ဘရာတီယာ’ ဖြစ်ပါတယ်။ သူ့မှာ ‘အယ်လ်ခါ ဘဟာတီယာ’ ဆိုတဲ့ ညီမ တစ်ယောက်လည်း ရှိပါတယ်။

ဖခင်က စစ်တပ်က အရာရှိဖြစ်ပြီး နပန်း အားကစားကို ဝါသနာပါသူ ဖြစ်ပါတယ်။ ‘အက်ရှေကူးမား’ အရွယ်ရောက် လာတဲ့အခါ ဖခင်လိုပဲ အားကစားဘက်ကို အလွန်စိတ်သန်သူ ဖြစ်လာပါတယ်။ ငယ်ငယ်က နယူးဒေလီမှာ ကြီးပြင်းခဲ့ပါတယ်။ ဖခင်က စစ်တပ်ကနေ ထွက်ပြီး UNICEF မှာ စာရင်းကိုင် အလုပ် ဝင်လုပ်တော့မှ ဘုံဘေမြို့ကို ပြောင်းရွှေ့ ခဲ့ကြတာပါ။

အားကစားကို စိတ်အားထက်သန်တဲ့ ‘အက်ရှေကူးမား’ ဟာ ကိုယ်ခံပညာအဖြစ် ကရာတေး သင်ယူခဲ့ပါတယ်။ အထက်တန်းကျောင်း တက်နေစဉ်မှာပဲ ပညာရေးကို လုံးဝ စိတ်မပါတော့ တာကြောင့် ကျောင်းထွက်လိုက်ပါတယ်။ အိန္ဒိယမှာ တိုက်ကွမ်ဒို ခါးပါတ်နက်အဆင့်ထိရခဲ့ပြီး နောက်ထပ် ကိုယ်ခံပညာတွေသင်ဖို့ ဖခင်ကို ခွင့်တောင်းခဲ့ပါတယ်။

သူ့အဖေက စုထားတဲ့ ပိုက်ဆံလေးတွေ ထုတ်ပေးပြီး ထိုင်းနိုင်ငံ ဘန်ကောက်ကိုသွားကာ (၅) နှစ်ကြာ ထိုင်းဘောက်ဆင် သင်ယူခဲ့ပါတယ်။ ထိုင်းမှာ ဘောက်ဆင် ပညာသင်ယူနေစဉ် စားပွဲထိုး နဲ့ စားဖိုမှူးအလုပ်တွေ လုပ်ကိုင်ခဲ့ရပါတယ်။ ထိုင်းကနေ အိန္ဒိယကို ပြန်လာခဲ့ပြီးနောက် ကလက္ကတားမြို့က ခရီးသွားအေဂျင်စီ တစ်ခုမှာ အလုပ်လုပ်ခဲ့သလို ဒါကာမှာ ဟိုတယ်ဝန်ထမ်းနဲ့ ဒေလီမှာ ကျောက်မျက် အရောင်းဝန်ထမ်းတို့ လုပ်ကိုင်ခဲ့ပါတယ်။

အဲဒီနောက် ဘုံဘေကို ပြန်လာပြီး ကိုယ်ခံပညာသင်တန်းဖွင့်လှစ်ခဲ့ပါတယ်။ ဒီအချိန်မှာ သူ့အဖေက ကိုယ်ဟန်ပြ မော်ဒယ်တွေရဲ့ ကိစ္စအဝဝကို ဆောင်ရွက်ပေးရတဲ့ အလုပ်ကို လုပ်ကိုင်နေပြီး သူ့သားကို မော်ဒယ်လုပ်ပါလားလို့ တိုက်တွန်းခဲ့ပါတယ်။ ဖခင်ရဲ့ ထောက်ခံမှုနဲ့ ပရိဘောဂပစ္စည်းကြော်ငြာမှာ မော်ဒယ်ဝင်လုပ်ခဲ့ပါတယ်။

နှစ်ရက်လောက် မော်ဒယ်လုပ်လို့ ရလာတဲ့ဝင်ငွေက သူတစ်လလုံးရှာတာထက် များနေတာကို သိလိုက်ရတဲ့အခါ မော်ဒယ်အလုပ်ကို ဇောက်ချလိုပ်ကိုင်ဖို့ လမ်းကြောင်းပြောင်း လိုက်ပါတယ်။ သူ့ရဲ့ ပထမဦးဆုံး ကိုယ်ဟန်ပြ ဓါတ်ပုံအယ်လ်ဘမ် ရိုက်ကူးနိုင်ဖို့ အတွက် နာမည်ကျော် ဓါတ်ပုံဆရာ တစ်ယောက်ဆီမှာ ပိုက်ဆံတစ်ပြားမှမရပဲ ၁၈ လကြာအောင် လက်ထောက် အကူအဖြစ်နဲ့ လုပ်ကိုင် ပေးခဲ့ရပါတယ်။

တစ်ရက်မှာတော့ သူ့ရဲ့ကိုယ်ရေး အချက်လက် အယ်လ်ဘမ်လေးကိုင်ပြီး အခြားမြို့ တစ်မြို့မှာရှိတဲ့ ကြော်ငြာရိုက်ကွင်းကို သွားရာမှာ နောက်ကျသွားတဲ့အတွက် လေယာဉ် လွတ်သွားခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ ရုပ်ရှင် စတူဒီယိုတွေဘက်ကို လျှောက်သွားကြည့်ရင်း အဲဒီညနေမှာတင် ‘Deedar’ ရုပ်ရှင် ဇာတ်ကားအတွက် ခေါင်းဆောင်မင်းသားနေရာက ရိုက်ကူးဖို့ ထုတ်လုပ်သူက စာချုပ်ချုပ်ခဲ့ပါတယ်။

ဒီလိုနဲ့ ‘အက်ရှေကူးမား’ ဟာ ဘောလိဝုဒ်မှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ စာရေးဆရာမ၊ ရုပ်ရှင် ထုတ်လုပ်သူ၊ ရုပ်ရှင်သရုပ်ဆောင် ‘တွင်ကယ်လ် ခန်နာ’ နဲ့ အိမ်ထောင် ကျခဲ့ပြီး သားတစ်ယောက် သမီးတစ် ယောက် ထွန်းကားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကိုယ်ပိုင် ဖျော်ဖြေရေးကုမ္ပဏီ ‘Hari Om Entertainment’ ကို ထူထောင်ခဲ့ပြီး တီဗီ အစီစဉ်တွေ ထုတ်လုပ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဝန်းကျင်မှာ ကနေဒါနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုကောင်းလာစေရန် နာမည်ကျော်တစ်ဦးရဲ့ ပုံရိပ်ကို အသုံးပြုတဲ့အနေနဲ့ ကနေဒါအစိုးရက ‘အက်ရှေကူးမား’ ကို ကနေဒါနိုင်ငံသားအဖြစ် အပ်နှင်းခဲ့ပါတယ်။ အပြန်လှန်အားဖြင့် စီးပွားရေးကဏ္ဍ ၊ ရုပ်ရှင်ကဏ္ဍ နဲ့ ခရီးသွားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်ပြုခဲ့ရပါတယ်။

ဒီလိုနိုင်ငံသား ခံယူတဲ့ ကိစ္စက ‘အက်ရှေကူးမား’ အတွက်တော့ နောက်ပိုင်းမှာ ပြဿနာ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကနေဒါနိုင်ငံသား အဖြစ်က စွန့်လွှတ်ပြီး အိန္ဒိယနိုင်ငံသား ပတ်စ်ပို့ ပြန်လည် လျှောက်ထားခဲ့ပေမယ့် သူ့ကို အိန္ဒိယလူမျိုး ဖြစ်ကြောင်း အထောက်အထားတွေ တောင်းခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ဇနီးနဲ့ သားသမီးတွေဟာ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ကြသလို သူကိုယ်တိုင်လည်း အိန္ဒိယနိုင်ငံကိုလည်း အခွန်ထမ်းနေတဲ့သူဖြစ်တာကြောင့် ဒီကိစ္စက သူ့ကို အကြီးအကျယ် စိတ်ထိခိုက် စေခဲ့ပါတယ်။

လက်ရှိမှာတော့ ‘ အက်ရှေကူးမား ’ ဟာ ရုပ်ရှင် ဇာတ်ကားပေါင်း (၁၀၀) ကျော်၊ ရုပ်ရှင် ထူးချွန်ဆု အမျိုးအစားပေါင်းစုံ (၄၇) ဆုနဲ့ စကာတင်စာရင်း (၃၆) ကြိမ်ဝင်ထားတဲ့ အနုပညာရှင် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် စာရင်းအရ ‘အက်ရှေကူးမား’ ရဲ့ ကြွယ်ဝချမ်းသာမှုက အမေရိကန်ဒေါ်လာ သန်း ၂၄၀ ဖြစ်ပြီး ဘောလိဝုဒ်ရဲ့ အချမ်းသာဆုံး ရုပ်ရှင်မင်းသား (၁၀) ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ Source ; Mizzima

Add a Comment

Your email address will not be published. Required fields are marked *