ဧရာဝတီတိုင်းအတွင်း ရုတ်တရက်မြစ်ရေ ကြီးနိုင်သဖြင့် လူပေါင်း ၄ သောင်းကျော်အတွက် ရိက္ခာများ ကြိုတင်ပြင်ဆင်ထားရဟုဆို
|ဧရာဝတီတိုင်းအတွင်း ရုတ်တရက်မြစ်ရေ ကြီးနိုင်သဖြင့် လူပေါင်း ၄ သောင်းကျော်အတွက် ရိက္ခာများ ကြိုတင်ပြင်ဆင်ထားရဟုဆို
ဧရာတိုင်း ဒေသကြီးအတွင်း ရုတ်တရက် မြစ်ရေကြီးနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာပါက ရေဘေးသင့် ပြည်သူများအတွက် ကြိုတင် စီစဉ်မှုအနေဖြင့် လူဦးရေ ၄၂၀၀၀ စာ ရိက္ခာများ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် သဘာဝဘေး မဖြစ်ခင် စီမံချက်များ ရေးဆွဲပြင်ဆင်ခြင်းနှင့် ရေဘေး အန္တရာယ်အတွက်လည်း ပြည်သူများ လိုက်နာရမည့် အချက်များအား အသိပညာပေး လုပ်ငန်းများကို ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်သလို ထောက်ပံ့ရေး ပစ္စည်းများ ကြိုတင်ပြင်ဆင် ထားကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
” မိုးရွာသွန်းမှုများလို့ ရုတ်တရက် ရေကြီးလာနိုင်တဲ့ ဒေသတွေမှာ အရေးပေါ် ကယ်ဆယ်နိုင် ဖို့အတွက် ကြိုတင်ပြင်ဆင် တာတွေနဲ့ ကယ်ဆယ်ရေး စခန်းတွေကို ပြင်ဆင်ထားတယ် အဓိက အစားအသောက်ဖြစ်တဲ့ စားနပ်ရိက္ခာ အတွက်လည်း လူဦးရေ ၄၂၀၀၀ ကျော်လောက်ကို ထောက်ပံ့နိုင်အောင် ပြင်ဆင်ထားတယ် ” ဟု ဧ ရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။
မိုးရွာသွန်းသဖြင့် ရုတ်တရက်ရေကြီး လာနိုင်ဖွယ်ရှိသည့် ဒေသများမှ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများကို ကယ်ဆယ်ရေးစခန်းများအဖြစ် အသုံးပြုရန်အတွက် ကြိုတင်ပြင်ဆင်ထားသလို စားနပ်ရိက္ခာအတွက်လည်း ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ငွေကျပ်သိန်း ၁ ထောင်သုံးစွဲရန်အတွက် ဖြည့်တင်းထားကြောင်း သိရသည်။
မကြာခင် ရက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျ ခဲ့သဖြင့်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်များအတွက်လည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ သိရသည်။
ဧရာဝတီတိုင်းတွင် မုတ်သုံလေအားပျက်ခြင်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်ကာ မြို့နယ်အချို့တွင် မြစ်ရေစိုးရိမ်ရေအမှတ်ကို ၁ ကြိမ်ခန့် မြင့်တက်လာနိုင်ကြောင်း တိုင်းဒေသကြီးမိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။
” မိုးသည်းထန်စွာ ရွာသွန်းတဲ့ အတွက်ကြောင့်မို့ လျှပ်တပြတ် ရေကြီးတာတွေနဲ့ မြေပြိုတာတွေ ဖြစ်တာမလို့ ကုန်းမြင့်နေထိုင်တဲ့သူ တွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ် ချောင်းငယ်ဘေးမှာ နေထိုင်တဲ့သူတွေအနေနဲ့ ရေကြီးရေလျှံ အန္တရာယ်တွေရှိနိုင်လို့ မိုးဇလကနေ ထုတ်ပြန်ထားတဲ့ ခန့်မှန်းချက်တွေ သတိပေးချက်တွေကို လိုက်နာဆောင်ရွက်ဖို့အတွက် အကြံပြုချင်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန ဦးစီးမှုး ဒေါ်စိုးစိုးလွင်ကပြောသည်။
မြစ်ရေအနေဖြင့် ဧရာဝတီမြစ်သည် ဆိတ်သာ၊ ဇလွန်၊ ဟင်္သာတမြို့များတွင် စိုးရိမ်ရေအမှတ်ကို ၁ ကြိမ်ခန့် င၀န်မြစ်ရေသည် သာပေါင်းမြို့နှင့် ငါးသိုင်းချောင်းမြို့တို့တွင် စိုးရိမ်ရေအမှတ်ကို ၁ ကြိမ်ခန့်နှင့် မအူပင်တိုးမြစ်သည် ၁ ကြိမ်ခန့် စိုးရိမ်ရေအမှတ်ကို မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။
ဧရာဝတီတိုင်းအတွင်း ၂၀၁၉ ခုနှစ်အတွင်း မြစ်ရေကြီးမှုအနေဖြင့် မြောင်းမြခရိုင်နှင့် မအူပင်ခရိုင်တို့တွင် ၂ ကြိမ်အထိဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၄၃၆ စုမှ လူဦးရေ ၂၀၀၀ နီးပါး ရေဘေးသင့်ခဲ့ကြောင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး မှတ်တမ်းမျာအရ သိရသည်။ Source ; ဧရာဝတီတိုင်းမ်