ကြိုတင်အကြောင်း မကြားဘဲ အလုပ်ထုတ်ခြင်းကြောင့် အလုပ်သမား ၇၀၀ ကျော် စက်ရုံရှေ့တွင် စုဝေးဆန္ဒထုတ်ဖော်နေ 

ကြိုတင်အကြောင်း မကြားဘဲ အလုပ်ထုတ်ခြင်းကြောင့် အလုပ်သမား ၇၀၀ ကျော် စက်ရုံရှေ့တွင် စုဝေးဆန္ဒထုတ်ဖော်နေ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန် ရှိ Dishang Myanmar အထည်ချုပ် စက်ရုံမှ အလုပ်သမားတချို့ကို ကြိုတင် အကြောင်းမကြားဘဲ အလုပ်ထုတ်ခဲ့ခြင်းကြောင့် အလုပ်သမား ၇၀၀ ကျော်တို့က စက်ရုံရှေ့တွင် လာရောက်စုရုံးခဲ့ပြီး ဥပဒေအတိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း အလုပ်သမား ခေါင်းဆောင် ကိုကျော်သူဇော်က ပြောသည်။

Dishang Myanmar အထည်ချုပ်စက်ရုံမှ ဇူလိုင်လ ၂၉ ရက်တွင် အလုပ်သမား ၇၃၂ ယောက်အား အလုပ်မှ ရပ်နားကြောင်း အသိပေးခဲ့ပြီး ဇူလိုင် လစာအတွက် ယနေ့( ဇူလိုင် ၃၀ရက်) နေ့ လည်ပိုင်းတွင် လုပ်ခလစာ လာရောက်ထုတ်ယူရန် ချိန်းဆိုခဲ့ရာ အလုပ်သမားများက ကျေနပ်မှုမရှိဘဲ အလုပ်ရှင်နှင့်အလုပ် သမားဥပ ဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

” အလုပ်ရှင်က အလုပ်ထုတ်မယ် ဆိုရင် ကြိုပြောရမယ် အလုပ်သမား ဥပဒေမှာလည်းရှိတယ်။ ဒါကိုနားမလည်လို့ လုပ်တာလား ကျွန်တော်တို့ကတော့ ဥပဒေအတိုင်း ရှေဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ကိုကျော်သူဇော်က ပြောသည်။

အဆိုပါ စက်ရုံမှာ ကိုဗစ်ကာလအတွင်း၌ ပြီးခဲ့သော မေလက ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အလုပ်ထုတ်ခဲ့သော အလုပ်သမားအတွက် ယနေ့တွင် လုပ်ခလစာ အပြင် နစ်နာကြေးများပါ ပေးနေသော်လည်း အလုပ်သမားများက ကိုဗစ်ကာလဖြစ်သောကြောင့် နောက်ထပ်အလုပ်အကိုင် ပြန်လည်ရှာဖွေရသည်မှာ အခက် အခဲရှိသဖြင့် နစ်နာကြေးကို မယူဘဲ အလုပ်ဆက်လက် ခန့်အပ်ရေးအတွက်ကိုသာ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

Dishang Myanmar အထည်ချုပ် စက်ရုံတွင် အလုပ်သ မား ၁၅၀၀ ကျော်ရှိကာ ပြီးခဲ့သည့် နှစ်ပိုင်းကလည်း အကြိမ်ကြိမ် ဆန္ဒပြခဲ့သော စက်ရုံဖြစ်ကြောင်း၊ ယခုအလုပ်ထုတ်ခံရသော အလုပ်သမားများမှာ အဆိုပါ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများ ဖြစ်ကြောင်းလည်း သိရသည်။ crd ; မိုင်းစောလွင်

Add a Comment

Your email address will not be published. Required fields are marked *