မွန်ပြည်နယ် ငါးဈေးကွက် တရုပ်မှ ငါးမဝယ်တော့သဖြင့် ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းထားရ
|မွန်ပြည်နယ် ငါးဈေးကွက် တရုပ်မှ ငါးမဝယ်တော့သဖြင့် ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းထားရ
မွန်ပြည်နယ်က ထွက်ရှိနေတဲ့ ငါးတွေကို တရုတ်နိုင်ငံက မဝယ်တော့တဲ့ အတွက်ကြောင့် ပြည်ပတင်ပို့နေတဲ့ ငါးဈေးကွက် ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းထားရတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဟာ ပြည်ပတင်ပို့နေတဲ့ ငါးဈေးကွက်ကို အဓိက ရိုက်ခတ် လာနေပါတယ်။ မွန်ပြည်နယ်က ထွက်ရှိနေတဲ့ ငါးတွေကိုတော့ တရုတ်၊ မလေးရှာ အပါအဝင် စင်ကာပူနိုင်ငံတွေကို အဓိက တင်ပို့နေပြီး တရုတ်ဈေးကွက် တခုတည်းကို ၉၀ ရာခိုင်နှုန်းလောက် မှီခိုနေပါတယ်။
အခုအခါမှာ တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကြောင့် အအေးခဲ ငါး ဝယ်ယူတာတွေကို ပြီးခဲ့တဲ့ ဇွန်လကစပြီး ရပ်နားထားလို့ ပြည်ပတင်ပို့နေတဲ့ ငါးဈေးကွက် ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းထားရတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သက်ဌေးက ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက ငါးတွေကို ပြီးခဲ့တဲ့ မေလတုန်းကတော့ ပြန်လည် ဝယ်ယူခဲ့တာပါ။ ဒါပေမယ့် အဲလို ငါးဝယ်ယူမှုကို ဇွန် ပထမအပတ်မှာ စတင် ရပ်နားခဲ့ပါတယ်။ အခုလို အခြေအနေတွေကြောင့် ပြည်နယ်အတွင်းရှိ အအေးခဲ စက်ရုံတွေ ငါးပိဿာ တန်ချိန် ရာနဲ့ချီပြီး ပိတ်မိနေတာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ထပ်ကြာလာရင် ပြည်ပ တင်ပို့နေတဲ့ ငါးဈေးကွက်ကနေ ပြည်တွင်း ငါးဈေးကွက်ကို ပြောင်းလဲရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သံလွင်အေး အအေးခဲစက်ရုံ တာဝန်ခံ ဦးအောင်ကျော်မိုးက ပြောပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံက ငါးအဝယ် မရှိတော့လို့ ငါးတန်ဖိုးဟာ အရင်ကထက်စာရင် ထက်ဝက်နီးပါး ကျဆင်းလာတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ မွန်ပြည်နယ်ကနေ နှစ်စဉ် ငါးတန် ၁၀၀၀ နဲ့ ချီ ဝယ်ယူနေတာပါ။
အဲဒီလို ဝယ်ယူရာမှာ ငါးပုတ်သင်၊ ငါးသလောက် စတဲ့ ငါးတွေကို အဓိကထား ဝယ်ယူနေပါတယ်။ ဒါပေမဲ့ အခုနှစ် ကိုဗစ်-၁၉ အကျပ်အတည်းမှာ တရုတ်နိုင်ငံက ငါးဝယ်ယူမှုဟာ သိသိသာသာ ကျဆင်းလာပါတယ်။ Source ; DVB TV News