ရုရှားရဲ့ ကိုဗစ်ကာကွယ်ဆေးကို အမေရိကန် အသုံးမပြုဟုဆို

ရုရှားရဲ့ ကိုဗစ်ကာကွယ်ဆေးကို အမေရိကန် အသုံးမပြုဟုဆို

Covid-19 ကပ်ရောဂါ ကာကွယ်ဆေး ကူညီထောက်ပံ့ ပေးပို့ဖို့ ကမ်းလှမ်းမှုကို အမေရိကန် ဖက်က ငြင်းဆန်ထားကြောင်း ရုရှား အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ရုရှားဟာCovid -19 အတွက် ကမ္ဘာပေါ်မှာ ပထမဆုံးသော အတည်ပြု ကာကွယ် ဆေး တီထွင်နိုင်ပြီလို့ အခု သီတင်းပတ်မှာ ကြေညာထားပြီး အောက်တိုဘာလမှာ အဲဒီဆေးဝါးကို အလုံးအရင်းနဲ့ စတင် ထုတ်လုပ် တင်ပို့နိုင်ဖို့ ပြင်ဆင်နေပါတယ်။

မော်စကိုမှာ ရှိနေတဲ့ ရုရှား အာဏာပိုင်တွေက သူတို့ဟာ OWS ကို အပြည့်အဝ ပူးပေါင်း ကူညီလိုကြောင်း ကမ်းလှမ်းခဲ့ပေမယ့် အမေရိကန်ဖက်က လက်ကမ်း မကြိုခဲ့ဘူးလို့ CNN သတင်းဌာနကို ပြောကြား ခဲ့ပါတယ်။ OWS ဆိုတာက အာနိသင် ထိရောက် ထက်မြက်တဲ့ ကာကွယ်ဆေးမျိုး တီထွင်နိုင်ဖို့အတွက် အမေရိကန်ရဲ့ ဌာနပေါင်းစုံ ညှိနှိုင်းဆောင်ရွက်နေတဲ့ အင်အားစုကို ရည်ညွှန်းတာပါ။

အမေရိကန်ကို ကြည့်ရတာ ရုရှားရဲ့ ဆေးသိပ္ပံပညာရပ်ပိုင်း ရှေ့တန်းရောက်နေမှုကို လက်ခံလိုဟန် မရှိသေးဘူးလို့ ရုရှား အရာရှိတွေက ပြောပါတယ်။ ရုရှားဟာ ကာကွယ်ဆေးစမ်းသပ်မှုနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း မထုတ်ပြန်ခဲ့တဲ့အပေါ် နိုင်ငံတကာ ဆေးသုတေသန ပညာရှင်တွေက သံ သယနဲ့ မေးခွန်းထုတ် နေကြပါတယ်။

ရုရှားဟာ နိုင်ငံရေးအရ အသာစီးယူဖို့၊ နိုင်ငံ သိက္ခာတက်ဖို့အတွက် ကာကွယ်ဆေး စမ်းသပ်မှုတွေကို အဆင့်ကျော်ပြီး ခပ်မြန်မြန် အတည်ပြုလိုက်တာ ဖြစ်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။ ဒီအချက်သာ မှန်ကန်ရင်တော့ ရုရှားရဲ့ ကာကွယ်ဆေး အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေတွေကို အပြည့်အဝ စိတ်မချရတဲ့ သဘောမျိုး သက်ရောက်လာမှာပါ။ ရုရှား အစိုးရ ကတော့ အဲဒီ သံသယ မေးခွန်းတွေဟာ လုံးဝ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကလည်း သူရော၊ သူ့သမီးပါ ကာကွယ်ဆေး ထိုးထားပြီးပြီလို့ ပြောကြားခဲ့ပါတယ်။ အခုတော့ ရုရှားက ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ အမေရိကန်ကိုပါ ကာကွယ်ဆေး ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ကူညီမယ်လို့ ချဉ်းကပ် ကမ်းလှမ်းလာခဲ့တာပါ။ အမေရိကန်မှာလည်း ဆေးသုတေသန ကုမ္ပဏီကြီး တချို့က ကာကွယ်ဆေး စမ်းသပ်မှုတွေ အတော်လေး ခရီးရောက်နေပြီ ဖြစ်ပါတယ်။

ရုရှားအပေါ် မယုံကြည်၊ မမှီခိုချင်တဲ့ အစွဲကို အမေရိကန်က လက်ကိုင်ထားနေဆဲ ဖြစ်ကြောင်း၊ ရုရှားရဲ့ နည်းပညာ၊ ကာကွယ်ဆေးနဲ့ စမ်းသပ်မှု၊ ကုသမှု ပုံစံတွေ အားလုံးဟာ အမေရိကန်မှာ အဆင်မပြေလောက်ဘူးလို့ အမေရိကန်ဖက်က တုံ့ပြန်ခဲ့ကြောင်း ရုရှား အရာရှိ တစ်ယောက်က CNNကို ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကေလိဂ်မက်အန်နေးက သမ္မတဒေါ်နယ်လ်ထရမ့်ဆီ ရုရှားရဲ့ ကာကွယ်ဆေးအသစ်နဲ့ ပတ် သက်တဲ့ အစီရင်ခံမှုတွေ ပြည့်ပြည့်စုံစုံ ရောက်ရှိခဲ့ပြီး ဖြစ်တယ်လို့ ပြော​ကြား သွားပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ ကာကွယ်ဆေး စမ်းသပ်မှုတွေက လမ်းကြောင်းမှန်အတိုင်း ရှေ့ဆက်နေပြီး နောက်ဆုံးအဆင့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီလို့လည်း မက်အန်နေးက ပြောပါတယ်။

ပြီး​တော့ အမေရိကန် ကုမ္ပဏီ တချို့ဟာ ရုရှားရဲ့ ကာကွယ်ဆေး ဖော်မြူလာကို ဝယ်ယူပြီး အမေရိကန်မြေမှာ ထုတ်လုပ်ဖို့ စိတ်ဝင်စားမှု ပြသနေတယ်လို့ ရုရှားဖက်က ဆိုပါတယ်။ ဒါပေမဲ့ ဒီလို စိတ်ဝင်စားတဲ့ ဆေးဝါး ကုမ္ပဏီတွေရဲ့ နာမည်ကိုတော့ အတိအကျ မထုတ်ပြန်ပါဘူး။

ရုရှားရဲ့ ကာကွယ်ဆေးဟာ အာနိသင် အထက်မြက်ဆုံး ဆေးဝါးတစ်မျိုးဆိုတာ အတည်ပြုနိုင်ကြောင်း၊ အမေရိကန် အနေနဲ့ ဒီအခွင့်အရေးကို နက်နက်ရှိုင်းရှိုင်း တူးဖော် အသုံးချဖို့ ဘာကြောင့် ငြင်းဆိုနေသလဲ ဆိုတာကို မေးခွန်းထုတ်သင့်ကြောင်း၊ ကာကွယ်ဆေး တီထွင်တဲ့ ကိစ္စမှာ နိုင်ငံရေး အမြင်တွေကို ဘေးဖယ်ထားသင့်ကြောင်း ရုရှား အရာရှိ တစ်ယောက်က CNN သတင်းဌာနကို မှတ်ချက်ပေးသွားခဲ့ပါတယ်။ ReF ; CNN

Add a Comment

Your email address will not be published. Required fields are marked *