ဆယ်တန်းအမှတ်စာရင်းများ ယခုလကုန်တွင် နည်းလမ်း တစ်မျိုးမျိုးဖြင့် ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေဟု အခြေခံပညာ ဒု – ညွှန်ချုပ်ပြောကြား

ဆယ်တန်း အမှတ်စာရင်းများ ယခုလကုန်တွင် နည်းလမ်းတစ်မျိုးမျိုးဖြင့် ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေဟု အခြေခံပညာ ဒု – ညွှန်ချုပ်ပြောကြား

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ် စာရင်းများကို ယခုလကုန်တွင် နည်းလမ်းတစ်မျိုးမျိုး ဖြင့် ကျောင်းသား၊ ကျောင်းသူများထံ ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောဆိုသည်။

” အရင်တုန်းက သက်ဆိုင်ရာ ကျောင်းအုပ်ကြီး တွေကနေပြီးတော့ အမှတ်စာရင်းကို ထုတ်ပေးလေ့ ရှိတယ်။ အဲဒီအဆင့်ကို မလုပ်တော့ဘဲနဲ့ အဆင့်မြင့် ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့ကိုပဲ တိုက်ရိုက်ပေးပို့ ဆောင်ရွက်မယ်လို့လည်း ကြားတာပေါ့။ ဒါပေမဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ဖို့က ကိုယ့် အမှတ် ဘယ်လောက်ရတယ်ဆိုတာကို သိမှ လျှောက်လို့ရမှာဆိုတော့ တစ်နည်း နည်းနဲ့ အမှတ်စာရင်း ထုတ်လို့ရအောင် လို့တော့ ယူဆရပါတယ်။

အချိန်ကာလ တော့ ဒီလကုန်တော့မှ ဖြစ်မယ်ထင် တယ်။ ကြားထဲမှာ အစီအစဉ်တိုင်ပင် မယ်၊ ဆွေးနွေးမယ်၊ ပြင်ဆင်မယ်။ ပြည် ထောင်စုဝန်ကြီးရုံးကို တင်ပြပြီးတော့ သဘောတူတယ်ဆိုရင်တော့၊ ဒါလူစု လူဝေးမဖြစ်ဘူးဆိုရင်တော့ အောက် အဆင့်မှာပဲ ပြီးသွားမှာပေါ့။

လူစုလူဝေးနဲ့ လုပ်ရမယ်ဆိုရင်တော့ ကိုဗစ်ဗဟိုကော် မတီကို တင်ပြပြီး လုပ်ရမှာဖြစ်ပါတယ်။ ခန့်မှန်းတာကတော့ ဒီလကုန် လောက် ပေးနိုင်မယ်လို့ ခန့်မှန်းတယ်။ တရားဝင် အနေနဲ့ကတော့ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက ထုတ်ပြန်ပါလိမ့်မယ်”ဟု ၎င်းက ပြောဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ် စာရင်းများကို ယခင်နှစ်များက ပညာရေး ဝန်ကြီးဌာန ရုံးအမှတ် (၅၂) နေပြည်တော် နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ပါရမီ လမ်း (၁၂) ရပ်ကွက် လှိုင်မြို့နယ် ကျောင်းသုံးစာအုပ် သိုလှောင်ရုံအနီးတွင် ထုတ် ပေးခဲ့ပြီး နယ်မြို့များသို့လည်းMobile Team အစီအစဉ်ဖြင့် ပေးခဲ့ကြောင်း သိရ သည်။

” တက္ကသိုလ် ဝင်တန်းတွေ အမှတ် စာရင်း ထုတ်ပေးဖို့က ခါတိုင်းဆိုရင် စာစစ်ဦးစီးဌာနက မြို့တွေကို Mobile Team တွေ သွားပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ထုတ်ပေးတယ်လေ။တော်တော်လေး အဆင်ပြေတယ်။ ဒါပေမဲ့ ဒီနှစ် မှာ လူစုလူဝေးမဖြစ်အောင်လို့ လုပ်မှာဆို တော့ကြားထဲမှာ ဘယ်လိုနည်းနဲ့ ပေးမလဲ ဆိုတာကို သူတို့စီစဉ်နေပါတယ်။ ဆရာ တို့ ခန့်မှန်းတာက သူတို့ကတော့ အောင် စာရင်းနဲ့မတူဘူး။

အဲဒါကတော့ Free ပေးတာလေ။ အခုကတော့ ငွေရေးကြေး ရေးပါလာတဲ့ အတွက်ကြောင့် သူတို့ ဘယ်လိုနည်းနဲ့ လုပ်မလဲပေါ့။ အွန်လိုင်း ကနေပဲပေးမလား။ အွန်လိုင်းကနေပဲ ပေးဖို့ပဲရှိတာပေါ့။ ဒါပေမဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်ဖို့လည်း ရှိတဲ့အတွက် အဆင့် မြင့်ပညာ ဦးစီးဌာနကို တိုက်ရိုက်အမှတ်စာရင်း ပေးပို့မယ်လို့လည်း သိရတာပေါ့ ” ဟု ဒေါက်တာ တင်မောင်ဝင်းက ပြောဆို သည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်အတာ ဖြင့် ဝင်ရောက်ဖြေဆိုသူ ၉၁၀၂၂၉ ဦး ရှိခဲ့ပြီး အောင်မြင်သူ ၂၉၁၇၉၈ ဦးရှိခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ Source ; စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *