ပြည်တွင်းကူးစက်မှုတွေဖြစ်တဲ့ စစ်တွေမြို့က ကိုဗစ်လူနာတွေနောက် ခြေရာခံခြင်း

ပြည်တွင်းကူးစက်မှုတွေဖြစ်တဲ့ စစ်တွေမြို့က ကိုဗစ်လူနာတွေနောက် ခြေရာခံခြင်း

ရခိုင်ပြည်နယ်မှာ ပြည်တွင်း ကိုဗစ်ကူးစက်မှု စဖြစ်တဲ့ စစ်တွေမြို့ CB ဘဏ်ဝန်ထမ်း၊ လူနာအမှတ် (၃၇၅) နဲ့ မဆက်စပ်တဲ့ ကိုဗစ်လူနာ (၁) ယောက်နဲ့ ဆက်စပ်ပိုးတွေ့လူနာ (၁) ယောက်ကို ဒီနေ့သြဂုတ်လ (၂၀) ရက်၊ မနက်ပိုင်းက စစ်တွေမြို့မှာ ထပ်တွေ့ခဲ့ပါတယ်။

ဒီနေ့မှာ လူနာသစ် (၂) ယောက်ထပ်တွေ့ခဲ့ပြီး အဲဒီထဲက တစ်ယောက်ဟာ ပိုးစတွေ့တဲ့ လူနာအမှတ် (၃၇၅) နဲ့ မဆက်စပ်တဲ့ အစိုးရ ဝန်ထမ်းဖြစ်သူ အသက်(၂၉) နှစ်အရွယ် လူနာအမှတ် (၃၉၆) ဖြစ်တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။

” လူနာအမှတ် (၃၉၆) က စစ်တွေက ဝန်ထမ်း တစ်ယောက်ပါပဲ။ သူလည်း ဘာမှ ဆက်စပ်မှုရှိဘူး။ ရောဂါလက္ခဏာ ပြလို့ သူ့ဘာသူလာပြတာကနေ တို့ဖတ်ယူပြီး စစ်ဆေးလိုက်တာ။” လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ဒီနေ့မနက်တွေ့တဲ့ နောက်တစ်ယောက်ကတော့ CB ဘဏ်ဝန်ထမ်း လူနာအမှတ် (၃၇၅) ဆေးခန်းလာပြလို့ စစ်ဆေးပေးတာက နေ ကူးစက်သွားတဲ့ ကျန်းမာရေးဝန်ထမ်း လူနာအမှတ် (၃၉၅) ဖြစ်ပါတယ်။

ဒါ့အပြင် CB ဘဏ်ဝန်ထမ်း လူနာအမှတ် (၃၇၅) နဲ့ ဆက်စပ်တဲ့ ဘဏ်ဝန်ထမ်း မိသားစုထဲက အသက် (၅၀) အရွယ် လူနာအမှတ် (၃၇၈) မှာ သြဂုတ်လ (၁၉) ရက်က ပိုးတွေ့ရှိခဲ့တယ်လို့ ကျန်းမာ ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီလူနာအမှတ် (၃၇၈) ဟာ ပိုးမတွေ့ခင်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ “ည”ရပ် ကွက်က နေအိမ်တစ်လုံးမှာ တည်းခိုပြီး ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တွေမြို့ကို ပြန်သွားခဲ့ပြီးမှ CB ဘဏ်ဝန်ထမ်း လူ နာအမှတ် (၃၇၅) မှာ ပိုးတွေ့တာကို သိရှိခဲ့လို့ သူ့ကို အသွားအ လာကန့်သတ်၊ တို့ဖတ်ယူ စစ်ဆေးပြီးတဲ့နောက် ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပိုးမတွေ့ခင် မြောက်ဥက္ကလာပ မြို့နယ်မှာ နေထိုင်တုန်းက ထိစပ်ခဲ့တဲ့ (၁၅) ယောက်ကို Quarantine Center ဆီ ပို့ဆောင်ထားတယ်လို့ မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်လွင်က ပြောပါတယ်။

” နေတဲ့ အချိန်တုန်းကတော့ သူ့မှာ ပိုးမတွေ့ဘူး။ ပြန်သွားမှ ပိုးတွေ့လို့ အဲဒီ (ည) ရပ်ကွက်က အိမ်မှာစုနေထိုင်တဲ့ စက်ရုံကအလုပ်သမား(၁၅) ယောက်ကို ဩဂုတ်လ (၁၉) ရက် ညကတည်းက Quarantine Center ပို့လိုက်တာ။ အိမ်ကိုတော့ ပိတ်ထားလိုက်ပြီ။ ” လို့ ဦးဇော်လွင်က ပြောပါတယ်။

ကိုဗစ်ရောဂါဟာ ခုန်ကျော် ကူးတတ်ပြီး ရောဂါပိုးတွေ့ သူကနေတစ်ဆင့် ထိတွေ့သူကို တိုက်ရိုက်ကူးစက်တာ မဟုတ်ဘဲ ထိတွေ့သူ ရဲ့ မိသားစုဝင်တွေဆီ ကူးစက်တာကို တွေ့လာရလို့ အထူးဂရုပြုစရာဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ကူးစက်ရောဂါ တိုက်ဖျက် ရေးဌာနခွဲရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ဩဂုတ် (၂၀) ရက်နေ့မနက်အထိ ပိုးတွေ့ လူ နာ (၃၉၆) ယောက်ရှိနေပြီး ပြန်ကောင်းမွန်သူ (၃၃၃) ယောက်နဲ့ သေဆုံးသူ (၆) ယောက် ရှိနေပါတယ်။ Source ; O Media

Add a Comment

Your email address will not be published. Required fields are marked *