ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် အထက်ကျော်လွန်ပြီး မြေနိမ့်ပိုင်း လူနေအိမ်များသို့ ရေများဝင်ရောက်နေ

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် အထက်ကျော်လွန်ပြီး မြေနိမ့်ပိုင်း လူနေအိမ်များသို့ ရေများဝင်ရောက်နေ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဩဂုတ်လ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန် တိုင်းတာချက် များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၇၈၉ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေရာ ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေများဝင်ရောက်လျက်ရှိသည်။

ထိုသို့ သံလွင်မြစ်ရေ ကျော်လွန်ဝင်ရောက်မှုအပေါ် ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး၊ ခရိုင်မီးသတ် တပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးနိုင်ရေး မြေနိမ့်ပိုင်း ရပ်ကွက်များသို့ကွင်း ဆင်းကြည့်ရှု့လျက်ရှိပြီး ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က

“ လက်ရှိ အနေအထားအရ ပြောင်းဖို့ရွှေ့ဖို့ ဘာမှမလိုအပ်သေးပါဘူး လက်ရှိမှာလည်း ကိုဗစ်ကာလ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ကျွန်တော်တို့က ရေဝင်ရောက်ပြီးတော့ ရွှေ့ပြောင်းရမယ့်အနေအထားမျိုးရှိတဲ့ အိမ်မျိုးကိုသာ စိစစ်ပြီး စခန်းဖွင့်လက်ခံ ပေးသွားမှာဖြစ်ပါတယ်၊ တကယ်လို့ စခန်းဖွင့်ရပြီဆိုလည်း ကျွန်တော်တို့က ကိုဗစ် ၁၉ ညွှန်ကြားချက်နဲ့အညီ ၆ ပေ ခြားလေးတွေ ထားနိုင်ဖို့လည်း စီစဉ်ဆောင်ရွက် ထားပါတယ်၊

ရပ်ကွက်အလိုက် ထားရှိမယ့် ရေဘေးရှောင်စခန်းတွေ ကိုလည်း သတ်မှတ်ဆောင်ရွက် ထားရှိပါတယ်၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေကိုလည်း အသီးသီး တာဝန်ခွဲဝေပေးထားပြီး ဖြစ်ပါတယ်၊ လက်ရှိအနေအထားက စိုးရိမ်စရာ မရှိသေးပါဘူး၊ ဒါသည် ပုံမှန်ဝင်ရောက်လေ့ ဝင်ရောက်ထရှိတဲ့ အနေအထား ဘဲ ဖြစ်ပါတယ် ဟု ပြောသည်။

အလားတူ ဘားအံခရိုင် မီးသတ်ဦးစီးမှူးက “ ပြည်နယ်မီးသတ်ဦးစီးမှူးရဲ့လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့ မနေ့ကစပြီး စက်တပ်ဖိုင်ဘာလှေတွေကို ရေဝင်ရောက်နိုင်တဲ့နေရာတွေမှာ အသင့်စောင့်ပြီးတော့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ကျတော်တို့တို့ တာဝန်ယူ ထားလျက်ရှိပါတယ်၊ တပ်ခွဲတစ်ခွဲစာ ၁၁၆ ဦးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ ရည်မှန်ပြီးစုဖွဲ့ ထားတာရှိပါတယ်၊ လက်ရှိက တော့ ၃၅ ယောက်ကို အသင့်အနေအထားနဲ့ ရေကြီးနိုင်တဲ့ ရေဝင်နိုင်တဲ့နေရာ တွေမှာ ဆောင်ရွက်ထားပါတယ်” ဟုပြောသည်။

လက်ရှိ အနေအထားရ စိုးရိမ်စရာ မရှိသော်လည်း မိုးရွာသွန်းလျက်ရှိပြီး တောင်ကျရေများ စီးဆင်းလျက်ရှိသည့် အတွက် ၂၄ နာရီရေကင်းချထားပြီး လိုအပ်သည့်အချိန်တွင် ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရေဝင်ရောက်မှုအခြေအနေအား နာရီစဉ်တိုင်းသတင်းပို့ရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။ Crd ; SiThu Maung

Add a Comment

Your email address will not be published. Required fields are marked *