အစိုးရဝန်ထမ်းများအားလုံးကို ဆိုင်ငံ့ကားလ ၆ လ ပြန်ဆပ်ကာလတနှစ်သတ်မှတ်ပြီး လစာ နှစ်လစာကို အတိုးမဲ့ထုတ်ချေးမည်
|အစိုးရဝန်ထမ်းများအားလုံးကို ဆိုင်ငံ့ကားလ ၆ လ ပြန်ဆပ်ကာလတနှစ်သတ်မှတ်ပြီး လစာ နှစ်လစာကို အတိုးမဲ့ထုတ်ချေးမည်
လာမည့် ၂ဝ၂ဝ-၂၁ ဘဏ္ဍာရေးနှစ်တွင် အမြဲတမ်း နိုင်ငံ့ဝန်ထမ်းများကို လစာ ၂ လစာ အတိုးမဲ့ထုတ်ချေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။
COVID-19 ကူးစက်မြန် ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှု များအပေါ် ကုစားနိုင်ရေးအတွက် ချေးငွေများထုတ် ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
”ကိုဗစ်ကာလအတွက် နိုင်ငံ့ဝန်ထမ်းတွေကို လစာ နှစ်လစာကြိုတင်ထုတ် ချေးပေးမယ်ဆိုတာ ဟုတ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အမြဲတမ်း နိုင်ငံ့ဝန်ထမ်းကတော့ တသန်းနီးပါး လောက် တော့ရှိတယ်ပေါ့။ ခန့်မှန်းခြေပေါ့။ အတိအကျကတော့ ဌာနဆိုင်ရာတွေကနေ စာရင်းတွေ တက်လာမှာပါ”ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ပြောသည်။
အဆိုပါ ချေးငွေများကို နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များအတွက် ထုတ်ချေးပေးမည် ဖြစ်သည့်အတွက် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များလည်း အကျုံးဝင်ကြောင်း လက်ရှိအချိန်တွင် နိုင်ငံဝန်ထမ်းများ ၏ စာရင်းကို သက်ဆိုင်ရာ ဌာနများက စာရင်းပြုစုနေကြောင်း၊ အတိုးမဲ့ ချေးငွေအဖြင့် ဆိုင်းငံကာလ ၆ လ၊ ပြန်ဆပ် ကာလတနှစ်သတ်မှတ်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အမြဲတမ်း နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအလိုက် ဦးရေနှင့် အမှန်လိုအပ်ငွေစာရင်းကို ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများသည် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန (ရုံးချုပ်) သို့လည်းကောင်း၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန အသီးသီးသို့လည်းကောင်း စက်တင်ဘာ ၄ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့သွားရမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန အ သီးသီးအနေဖြင့်လည်း အဆိုပါအမြဲတမ်းနိုင်ငံ့ ဝန်ထမ်းစာရင်းများကို စုစည်းပေါင်းချုပ်ကာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်) သို့ စက်တင်ဘာ ၁၁ ရက် အရောက်ပေးပို့ရမည်ဖြစ်ကာ
အဆိုပါ အမှန်တကယ် လိုအပ်ငွေများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း များအလိုက် ၂ဝ၂ဝ-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်လသောကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည်များ စာရင်းတွင် လျာထား ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။ Crd ; News watch