ဂျပန်မှာနှစ်ပေါင်း ၇၀ အတွင် အားပြင်းဆုံးမုန်တိုင်း တိုက်ခတ်မှာမို့ ကြိုတင်ပြင်ဆင်ကြဖို့ ဂျပန်ရောက်မြန်မာများကို မြန်မာသံရုံးသတိပေး

ဂျပန်မှာနှစ်ပေါင်း ၇၀ အတွင် အားပြင်းဆုံးမုန်တိုင်း တိုက်ခတ်မှာမို့ ကြိုတင်ပြင်ဆင်ကြဖို့ ဂျပန်ရောက်မြန်မာများကို မြန်မာသံရုံးသတိပေး

ဂျပန်နိုင်ငံမှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်လာတော့မယ့် သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ရေး ဂျပန်ရောက်မြန်မာတွေ ကြိုတင်ပြင်ဆင်နေကြတဲ့အကြောင်း သိရပါသည် ။

အင်အားကြီးမားတဲ့ တိုင်ဖုန်းမုန်တိုင်း ( Haishen ) သောကြာနေ့မှာ ဂျပန်တောင်ပိုင်းကို ချဉ်းကပ်လာနေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဂျပန်နိုင်ငံ ကျူးရှုးကျွန်းကနေ ကုန်းတွင်းပိုင်းဘက်ဆီကို တနာရီကို မိုင် ၂၀၀ကျော်နှုန်းနဲ့ ဖြတ်သန်းဝင်ရောက် တိုက်ခတ် လာမှာဖြစ်တယ် လို့ ဂျပန်နိုင်ငံ မိုးလေသဝအေဂျင်စီက ထုတ်ပြန်ထားတဲ့ အကြောင်း မြန်မာသံရုံးက သတိပေးပါတယ်။

အထူးသဖြင့် အိုကီနာဝါကျွန်း၊ အားမားမိကျွန်း၊ ကျူရှုးကျွန်း နဲ့ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာနေထိုင်တဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီမံတွေကြိုတင်ဆောင်ရွက်ထားကြပါလို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးက သောကြာနေ့ စက်တင်ဘာလ ၄ရက်နေ့ က စပြီး အထူးသတိပေးနိုးဆော်နေတာပါ။

ဂျပန်နိုင်ငံမှာ နှစ်စဉ် ဒီအချိန်ဆို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမဲ့ ဒီတခါ တိုက်ခတ်မယ့် မုန်တိုင်းကတော့ နှစ်ပေါင်း ၇၀ အတွင်း အပြင်းထန်ဆုံး လို့ဆိုရမယ့် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဖြစ်တာကြောင့် သဘာဝဘေးအန္တရာယ်က ကာကွယ်နိုင်ရေး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ဂျပန်) က ဦးသန်းဆွေက ပြောပြပါတယ်။

“ ဒီတခေါက်တိုက်မယ့် မုန်တိုင်းကတော့ နှစ်ပေါင်း ၇၀အတွင်းမှာ အပြင်းထန်ဆုံးမုန်တိုင်းပေါ့။ ကျနော်တို့ မနှစ်က တိုကျိုကိုဖြတ်ပြီး တိုက်သွားတဲ့ မုန်တိုင်းထက်ကို ပိုပြီး ပြင်းထန်မယ်လို့ သူတို့ တိုင်းထွာရရှိထားတဲ့ အတွက်ကြောင့် ဂျပန်နိုင်ငံရဲ့တောင်ဘက် ကျူးရှုးပေါ့လေ ကျူးရှုးတဝိုက်မှာ မုန်တိုင်းဒဏ်ကို ခံရဖို့ရှိတဲ့အတွက်ကြောင့် နောက် အိုကီနာဝါပေါ့လေ အိုကီနာဝါကိုလည်း ဖြတ်သွားမှာဖြစ်တယ်လို့ တိုင်းထွာချက်တွေနဲ့ အခုချိန်မှာ ဂျပန်အစိုးရကနေ နာရီနဲ့မခြား မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။

မုန်တိုင်းလမ်းကြောင်းဖြတ်မယ့်နေရာတွေကနေ ခေတ္တနေရမယ့်ကယ်ဆယ်ရေးစခန်းတွေကိုလည်း ကြိုတင်ပြင်ဆင်တာမျိုးတွေလုပ်နေပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေကလည်း အဲ့ဒီ့ကျူးရှုးဘက်မှာ ရှိနေကြတာများတဲ့အတွက်ကြောင့်မို့လို့ မြန်မာသံရုံးကလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ကျနော်တို့ ဂျပန်မြန်မာအသင်း ကနေပြီးတော့လည်း သက်ဆိုင်ရာတွေကနေAlarm လုပ်ထားတဲ့အတွက်ကြောင့် မုန်တိုင်းလာမယ့်အချိန်အထိ အခြေအနေကိုစောင့်ကြည့်ပြီးတော့ လိုအပ်တာတွေ ကူပေးနိုင်ဖို့ ကျနော်တို့ပြင်ဆင်နေပါတယ်။”

မကြာခင်တိုက်ခတ်လာမယ့် အင်အားကြီးတိုင်ဖုန်းမုန်တိုင်းဘေးကနေ ကာကွယ်နိုင်ရေး မုန်တိုင်းလမ်းကြောင်းမှာနေတဲ့ ဂျပန်ရောက်မြန်မာတွေအထူးသတိထား နေထိုင်ကြဖို့ ကိုလည်း ဂျပန်ရောက် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးက သတိပေးပါတယ်။

“မကြုံဖူးတဲ့ မုန်တိုင်းပေါ့နော် အကြီးဆုံးမုန်တိုင်း လာမယ်ဆိုတော့ တောက်လျောက် သတိပေးနေတာ လွန်ခဲ့တဲ့ ၃ရက်ကတည်းက သတိပေးနေတာ တီဗီမှာ ဆက်တိုက် အဆက်မပြတ်ကိုလွှင့်နေတာ။ ကြိုတင်ပြင်ဆင်နေတာတွေလည်း အများကြီးပေါ့နော်။ တကယ့်ကို အခုတိုင်ဖုန်း တိုက်မယ့်နေရာဘက်မှာ ကျနော်တို့ မြန်မာကျောင်းသားလေးတွေ တချို့လည်းရှိတယ်။

အလုပ်သမားတွေလည်းရှိနိုင်တယ် သူတို့တွေ အတွက်တော့ စိတ်ပူတယ်။ အိုခီနာဝါမှာလည်းကျနော်တို့ မြန်မာတွေရှိတယ်။ အိုခီနာဝါကျွန်းပေါ့နော် အဲ့ကိုတည့်တည့်ကြီး အဲ့ဒီ့ကို ဖြတ်ဝင်သွားမှာဖြစ်တဲ့အတွက် ကြောက်စရာကောင်းတယ်။ ဂျပန်မှာနေတဲ့သူတွေ အတွက် သတ်မှတ်ထားတဲ့ စုပေါင်းနေထိုင်ရမယ့် အန္တရာယ်ကင်းတဲ့ ဇုံလေးတွေရှိတယ်။ အားလုံးလာရောက်နေထိုင်ဖို့ လိုအပ်တာပေါ့ မီးပါပြတ်တောက်သွားနိုင်တဲ့ အနေအထားရှိတာပေါ့နော် အခုက သံရုံးကလည်း အသိပေးစာတွေ ထုတ်နေတယ်။

အရေးပေါ်မဖြစ်ခင် အားလုံးပြင်ဆင်ထားရင်တော့ အကောင်းဆုံးပေါ့နော်။ အဲ့ဒီ့နေ့တွေမှာ ဖြစ်နိုင်ရင် အလုပ်မသွားဖို့ အဲ့ဒီ့နေ့တွေမှာ အပြင်ထွက်ဖို့ အစီအစဉ်တွေ ဖြတ်ထားသင့်တယ်။ ကိုယ့်အိမ်မှာ အနည်းဆုံး ဓာတ်မီး ရေဒီယို စားစရာအခြောက်အခြမ်းလေးတွေပေါ့ အဆင်သင့်ပြင်ဆင်ထားသင့်တယ် အခုအချိန်ထိတော့ အချိန်ရသေးတယ်နော် ။ အခုဆိုရင် ဂျပန်အစိုးရဘက်က စစ်တပ်ပိုင်းကလည်း အဆင်သင့်ပြင်ထားတာတွေ့တယ်။ အစိုးရ ကကြေညာထားတဲ့ ဘယ်နေရာမှာ လုံခြုံတယ် ဆိုတဲ့နေရာမှာ စုနေကြပါ။”

ဒီလိုတိုက်ခတ်လာချိန်မှာ မုန်တိုင်းဘေး ကာကွယ်ရေးအထူးသတိပေးချက်တွေကို ဂျပန်ရောက် နိုင်ငံခြားသားတွေပါ သိရှိနိုင်အောင် မြန်မာဘာသာအပါအဝင် ဘာသာစကားမျိုးစုံနဲ့ အချိန်နဲ့ တပြေးညီကြေညာထုတ်ပြန်ပေးနေတာမို့ မုန်တိုင်းသတိပေးချက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာလိုက်နာကြဖို့ကိုလည်း ဦးသန်းဆွေက တိုက်တွန်းပါတယ်။

“ ဂျပန်အစိုးရအနေနဲ့နိုင်ငံရပ်ခြားမှာရောက်နေတဲ့ နိုင်ငံခြားသားတွေအတွက်ကိုလည်း သက်ဆိုင်ရာ ဘာသာစကားတွေကို နားလည်တတ်ကျွမ်းလွယ်တဲ့ ဝဘ်ဆိုက်တွေဖွင့်ထားပါတယ်။ မြန်မာဘာသာနဲ့လည်း ကြည့်လို့ရပါတယ်။ နောက် ဂျပန်နိုင်ငံတနိုင်ငံလုံးမှာ တီဗီတိုင်း တီဗီတိုင်းမှာ သတင်းထူးတယ်ဆိုတာနဲ့ အရေးပေါ်အချက်ပေးကြေညာမှုတွေကို ကြားဖြတ် လုပ်နေပါတယ်။ ခုန သံရုံးကလည်း တခုခုဖြစ်လာရင် ဆက်သွယ်လို့ရမယ့် ဖုန်းနံပတ်တွေရှိသလို ဒီနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေရဲ့ဖုန်းနံပတ်တွေကိုလည်း ချက်ခြင်းဆက်သွယ်လို့ရအောင် ဖြန့်ထားတာရှိလို့ချက်ခြင်းတုန့်ပြန်လို့ရအောင်လည်း ကျနော်တို့ကြိုးစားနေပါတယ်ခင်ဗျ။”

အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ( Haishen ) ဟာ လာမယ့် စက်တင်ဘာလ ၆ရက် တနင်္ဂနွေနေ့နဲ့ စက်တင်ဘာလ ၇ရက်နေ့ တနင်္လာနေ့တွေ ဝင်ရောက် တိုက်ခတ်လာနိုင်ခြေရှိတာကြောင့်အဲ့ဒီ့ဒေသမှာနေတဲ့ ဂျပန်ရောက်မြန်မာတွေအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ သဘာဝဘေးအန္တရာယ်ညွှန်ကြားချက်တွေကို အလေးထားလိုက်နာဆောင်ရွက်ကြဖို့နဲ့ တကယ်လို့ အရေးပေါ် အခက်ခဲကြုံလာရင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အရေးပေါ် ဖုန်းနံပတ် ၀၇၀ ၄၄၁၃ ၇၃၈၃ ကို ၂၄ နာရီ အချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း ကြေညာထားပါတယ်။ Source ; VOA

Add a Comment

Your email address will not be published. Required fields are marked *