အတ္တသမားတစ်ဦးကြောင့် ကိုဗစ်ရှေ့တန်းမှာတိုက်မယ့် သူရဲကောင်းတွေ Q ဝင်လိုက်ရတဲ့အဖြစ် … မိမိအတ္တကြောင့် အများမထိခိုက်ရန် သတိပြုကြပါ
|အတ္တသမားတစ်ဦးကြောင့် ကိုဗစ်ရှေ့တန်းမှာတိုက်မယ့် သူရဲကောင်းတွေ Q ဝင်လိုက်ရတဲ့အဖြစ် … မိမိအတ္တကြောင့် အများမထိခိုက်ရန် သတိပြုကြပါ
မနေ့က သတင်းတွေထဲ ပါခဲ့တဲ့ ‘ လူနာအမှတ် Case 1077 ‘ နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ကိစ္စလေး ပြောချင်လို့ပါ။ကိုယ့်တစ်နိုင်ငံတည်း သားချင်းလည်းဖြစ် ရောဂါကူးစက် ခံနေရသူလည်းဖြစ်တာမို့ ဆိုးဆိုးရွားရွား မပြောလိုပေမဲ့ သူ့လုပ်ရပ်ကတော့ တော်တော် ဆိုးပါတယ်။
သူဟာ စစ်တွေကနေ ရန်ကုန်ကို သြဂုတ်လ ၂၇ ရက်နေ့မှာ သံဃာတော် တစ်ပါးနဲ့အတူ လာရောက်ခဲ့တယ်။ ပြီးတော့အဲ့ဒီသံဃာ တော်နဲ့အတူ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရေတာရှည် လမ်းဟောင်းမှာရှိတဲ့ မင်္ဂလာကံယုံ ဘုန်းကြီးကျောင်းမှာတည်းခိုနေထိုင်ခဲ့တယ်။
စစ်တွေကနေ ရန်ကုန်ဆီ သူလာခဲ့တဲ့နေ့ကိုက ရခိုင်မှာ ဒုတိယလှိုင်း တော်တော်ထင်ရှား စတင်နေချိန်ပါ။ စစ်တွေက ၂၆ နှစ် အရွယ် အမျိုးသမီးဆီမှာ ကိုရိုနာတွေ့ကြောင်း ကြော်ငြာတာ သြဂုတ် ၁၆ ရက် အဲ့ဒီအမျိုးသမီးက Case375 သြဂုတ်၂၇ ကျတော့ Case 602 အထိ ရောက်လာပြီ။
ဆိုလိုတာက ဒီ ၁၁ရက်အတွင်း ၂၂၇ ယောက်တောင် ရောဂါပိုးတွေ့ သူ ရုတ်တရက် ခုန်တက်လာပြီ။ ဒီလိုအချိန်ကြီးမှာမှ သူ စစ်တွေကနေ ရန်ကုန်ကို လာတယ်။ သံသယ လူနာအဖြစ် ရောဂါပိုးစစ်ရတယ် သူနဲ့အတူ လာတဲ့ ဘုန်းဘုန်းလဲ စစ်ရတယ်ပေါ့။
ဒီလိုအချိန် စစ်တွေကနေ ရန်ကုန် ခရီးထွက်လာတာကို အပြစ်မပြောသေးပါဘူး ဒါပေမဲ့ Swab ယူပြီး ရောဂါပိုးရှိမရှိ အဖြေထုတ်နေတုန်းမှာ သူ့ကို HQ နေပါ ( တည်းလက်စ ဘုန်းကြီးကျောင်းမှာပဲ ဆက်နေပါ ) လို့ သက်ဆိုင်ရာက မှာထားတယ်။ ဒါပေမဲ့ နားမထောင်ဘူးဗျာ ။
စက်တင်ဘာ ၃ ရက်နေ့မှာ မြန်မာအမျိုးသား လေကြောင်းလိုင်း MNA Flight No 401-402 နဲ့ စစ်တွေကို ပြန်ချသွားတယ်။ သူစီးသွားတဲ့ လေယာဉ်မှာက ဆေးဘက်ဆိုင်ရာ ပညာရှင် ဆရာဝန် တစ်ဦး ကုသရေး ဆရာဝန် ၂ ဦး သူနာပြု ၄ ဦး စီးနင်းလိုက်ပါလာတယ်။
ရောဂါ အခြေအနေ များပြားနေတဲ့ သွေးချင်းတို့ရဲ့ ရခိုင် ဒေသကို
ကူမယ်ကယ်မယ်ဟဲ့လို့ မိမိ အသိစိတ်နဲ့မိမိ အပြေးလာကြတဲ့ ဗော်လံတီယာတွေ စေတနာ့ရှင် သူရဲကောင်းတွေ။ ဒီစေတနာ့ရှင်တွေ စစ်တွေ ရောက်လာတော့တောင် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်နဲ့ တာဝန်ရှိသူတွေ လေဆိပ် ဆင်းကြိုကြတယ်။
ဪ တပ်ကူတွေ ရောက်လာပြီပေါ့။ ရောဂါဆိုးကို အတူတိုက်မယ့်သူရဲကောင်း အပေါင်းအဖော်တွေ ရောက်ပြီပေါ့။ ဒါပေမဲ့ ဒီစေတနာ့ရှင်တွေခမျာ ဟိုအထက်ကပြောတဲ့ အတ္တသမား Case1077 ကြောင့် ရခိုင် မြေရောက်လို့ ဆေးဘက် တပ်ဖွဲ့ချင်းအားဝင်ဖြည့်ဖို့ လုပ်ရမယ်မှ မကြံခင် Q အရင် ဝင်ကြရပါတော့တယ်။
ရောဂါပိုးရှိသူနဲ့ လေယာဉ်တစ်စင်းတည်း စီးလာမိတဲ့ အတွက် … တဲ့ ။ ဟိုလူက ရောဂါပိုးတွေ့လို့ Case 1077 အဖြစ် ထုတ်ပြန်လိုက်ပြီ။ သူနဲ့အတူ မင်္ဂလာကံယုံ ကျောင်းက ဘုန်းဘုန်းမှာလဲပိုး တွ့တယ် Case 1076 ။
ကျနော် ပြောချင်တာက အတ္တလေးတွေကို ဆင်ခြင်တုံ တရားနဲ့ လျှော့ဖို့ပါ။ ကိုယ်ခရီးသွားချင်တာ အရေးကြီးကိစ္စ ပေါ်နေတာ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုအချိန်မျိုးအတွင်း ရောဂါသတင်းများပြားရာ စစ်တွေ – ရန်ကုန်ကို ခေါက်တုံ့ပြန် ကူးချီသန်းချီလုပ်။
သက်ဆိုင်ရာက ပိုးစစ်ဆေးနေတုန်းမို့ ခဏလောက် နေလက်စနေရာမှာနေပေးပါဦး စောင့်ပေးပါဦးဆိုတာကိုတောင် မစောင့်နိုင်ပဲ ကိုယ့်သဘော ဆန္ဒနဲ့ အတင်းပြန်ချတာမျိုးကတော့ နည်းနည်းဆိုးရွားသလို ထင်မိပါတယ်။ ပြီးတော့ သူစီးတဲ့ လေယာဉ်မှာ အခုလို အရေးကြုံနေစဉ် ကာလအတွက် ရှေ့တန်းက လုပ်ဆောင်ရမယ့် အရေးကြီး ဆေးဘက်အင်အားတွေ ပါနေတာမျိုးက ပိုသက်ရောက် ထိခိုက်စေပါတယ်။
ကူဖို့ကယ်ဖို့ ရန်ကုန်ကနေ စစ်တွေကို အရောက်လာတဲ့ စေတနာ့ရှင် ၇ ဦးလုံး ဘာမှ မလုပ်နိုင်ရှာသေးပဲ Q ဝင်လိုက်ရတာကို အသည်းနာတာပါ။ ဒီလိုဖြစ်စေခဲ့တဲ့ Case 1077 ဟာ အသက် ၅၅နှစ်ရှိ အမျိုးသားဖြစ်ပြီး စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်၊ ချောင်းနားလမ်းမှာ နေထိုင်သူဖြစ်တယ်။ ဒါပေမဲ့ သူ့လုပ်ရပ်ကိုတော့ ‘မလုပ်သင့်ဘူးဗျာ’ လို့ ပြောချင်မိတယ် ။
ပြီးတော့ ဒီလို ကိုယ့်အတ္တလေး တစ်ခုအတွက် အများထိခိုက်ကုန်ရအောင် လုပ်မိကြတာမျိုးတွေ ထပ်မဖြစ်မိကြစေဖို့ ဆုတောင်းရေးသားရင်း … လေးစားစွာဖြင့် ခရက်ဒစ် ; Thorn Nay Soe