၂၀၂၀နှစ်ကုန်ပိုင်းတွင် စတင်ကာ တာဝန်ထမ်းဆောင်တော့မည်အိန္ဒိယရေတပ်၏ ဒုတိယမြောက် နုစွမ်းအင်သုံး ရေငုပ်သင်္ဘောသစ်အကြောင်း

၂၀၂၀နှစ်ကုန်ပိုင်းတွင် စတင်ကာ တာဝန်ထမ်းဆောင်တော့မည်အိန္ဒိယရေတပ်၏ ဒုတိယမြောက် နုစွမ်းအင်သုံး ရေငုပ်သင်္ဘောသစ်အကြောင်း

၂၀၁၇ ခုနှစ်တွင် အိန္ဒိယရေတပ်၏ နျူကလီးယား စွမ်းအင်သုံး တိုက်ချင်းပစ် ဒုံးပျံတင် ရေငုပ်သင်္ဘော ဒုတိယမြောက် အစီး INS Arighat အား ကြီးကျယ်ခမ်းနားသည့် အခမ်းအနားမပါသော အကျဉ်းချုံးမျှသာ တပ်တော်ဝင်ပြုလုပ်ခဲ့ပြီး သတင်းအား တရားဝင် ချမပြခဲ့ကြောင်း သိရသည်။

အိန္ဒိယပြည်တွင်း မီဒီယာများ၏ သတင်းဖော်ပြချက်အရ ၃ နှစ်ခန့်ပင်လယ်ပြင် စမ်းသပ်မောင်းနှင်မှုအပြီး ယခုနှစ်ကုန်ပိုင်းတွင် INS Arighat သည် ပင်လယ်ပြင်၌ ငုပ်လျှိုးမောင်းနှင်ရန် အဆင့်သင့် ဖြစ်နေပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရေငုပ် သင်္ဘောသည် Arihant အမျိုးအစားဖြစ်ပြီး နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ရန်ဖြစ်သည့် အဆင့်မြင့်နည်းပညာသုံး ရေယာဉ်များ (Advanced Technology Vessel – ATV) စီမံကိန်းအရ Visakhapatnam ရှိ သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော တိုက်ချင်းပစ် ဒုံးပျံတင်ရေငုပ် သင်္ဘော INS Arihant အား ၂၀၀၉ ခုနှစ်က တပ်တော်ဝင်ခဲ့ပြီး ၉ နှစ်ကြာ ပင်လယ်ပြင် စမ်းသပ်မောင်းနှင်အပြီး ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် တာဝန်စတင် ထမ်းဆောင်နိုင်ခဲ့သည်။

INS Arighat တွင် တပ်ဆင်ပါရှိမည့် ဒုံးပျံအရေအတွက်သည် INS Arihant ၏ ဒုံးပျံအရေအတွက်ထက် ၂ ဆ ပိုများမည်ဖြစ်ပြီး အိန္ဒိယတို့အတွက် ဒုံးပျံအရေအတွက် ပိုမိုသယ်ဆောင်ပေးနိုင်မည့် ရေငုပ်သင်္ဘောလည်းဖြစ်သည်။

ကနဦးတွင် အဆိုပါ INS Arighat ရေငုပ်သင်္ဘောအား ၂၀၁၂ ခုနှစ်နှောင်းပိုင်း ၂၀၁၃ ခုနှစ်တွင် တပ်တော်ဝင်သွား မည်ဖြစ်ကြောင်း ၂၀၁၂ ဇန်နဝါရီလတွင် ကြေညာထားခဲ့သည်။

သို့သော် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နျူကလီးယားဓာတ်ပေါင်းဖို ဒုတိယအလုံးအားစတင်တည်ဆောက်နေပြီ ဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် တပ်တော်ဝင်ရန် ကြေညာထားခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှသာ တပ်တော် ဝင်နိုင်ခဲ့သည်။

ထိုရေငုပ်သင်္ဘောအား မူလက INS Aridaman ဟုအမည်ပေးထားခဲ့သော်လည်း INS Arighat အမည်ဖြင့် တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။ ၃ နှစ်ကြာ ပင်လယ်ပြင် စမ်းသပ်မောင်းနှင်မှုအပြီးတွင် လုံခြုံစိတ်ချရစွာဖြင့် ငုပ်လျှိုးရန်အဆင့်သင့် ဖြစ်နေပြီဖြစ်သည်။

အထက်ပါ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများအား အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ တန်ကြေးရှိ Advanced Technology Vessel (ATV) စီမံကိန်းအရ ဒီဇိုင်း ရေးဆွဲတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

INS Arighat သည် အမြန်ဆုံး အရှိန်နှုန်းဖြင့်ဆိုလျှင် ရေမျက် နှာပြင်ပေါ်တွင် တစ်နာရီလျှင် ရေမိုင် ၁၂ မိုင်မှ ၁၅ မိုင် (၂၂ မှ ၂၈ ကီလိုမီတာ) အထိ ခုတ်မောင်းနိုင်ပြီး ရေအောက် ငုပ်လျှိုးချိန်တွင် တစ်နာရီလျှင် ရေမိုင် ၂၄ မိုင် (၄၄ ကီလိုမီတာ) နှုန်းဖြင့် ခုတ်မောင်းလှုပ်ရှားနိုင်သည်။

ရေငုပ်သင်္ဘော၏ အပေါ်ဘက်ကျောပေါ်တွင် ဒုံးပျံပစ် လွှတ်ရေးပြွန် ၈ ခုပါရှိသည်။ အကွာအဝေး ကီလိုမီတာ ၇၅၀ မှ ၃၅,၀၀ အထိ ပစ်ခတ်နိုင် သော K-15 Sagarika ဒုံးပျံ ၂၄ စင်း တပ်ဆင်ထားကာ K-4 ဒုံးပျံ ၈ စင်း အထိလည်း တင်ဆောင်နိုင်သည့် ရေငုပ်သင်္ဘော တစ်စီးဖြစ်ကြောင်း သိရသည်။ Crd ; Mg Moe

Add a Comment

Your email address will not be published. Required fields are marked *