ကိုဗစ်ရောဂါကို အနိုင်ယူပြီးပြန်လည် ကျန်းမာလာတဲ့ အိန္ဒိယမှ အသက် ၁၀၆ နှစ်အရွယ် အဘွားအို

ကိုဗစ်ရောဂါကိုအနိုင်ယူပြီး ပြန်လည်ကျန်းမာလာတဲ့ အိန္ဒိယမှ အသက် ၁၀၆ နှစ်အရွယ် အဘွားအို

အိန္ဒိယနိုင်ငံ မဟာရာ့ရှ်ထရာပြည်နယ် သိမ်းခရိုင်မှ အသက် ၁၀၆ နှစ်အရွယ် အဘွားအိုသည် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာပြီး ယနေ့ ဆေးရုံမှ ပြန်ဆင်းသွားကြောင်း သိရသည်။

အဘွားအိုသည် ဆေးရုံမှဆင်းမသွားခင် ဆေးရုံဆင်းလက်မှတ်ကို ချိုသာ သော အပြုံးမျက်နှာနှင့်အတူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မီဒီယာများအား ပြသခဲ့ သည်။ သိမ်းခရိုင် ဒွမ်ဘစ်ဗ်လီမြို့တွင် နေထိုင်သည့် ၎င်းအဘွားအိုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံခဲ့ရသော်လည်း ၎င်း၏ အသက်အရွယ်ကြောင့် ကနဦးက ဆေးရုံတင်ရန် စီစဉ်ထားခြင်းမရှိကြောင်း ချွေးမဖြစ်သူက ပြောကြား သည်။

သို့သော် နောက်ပိုင်းတွင် အဘွားအိုကို ဆေးဝါးကုသမှုခံယူရန် ကာလီယံ – ဒွမ်ဘစ်ဗ်လီ စည်ပင်သာယာရေး ကုမ္ပဏီက တည်ဆောက်ထားသော ဆာ့ဗ်လာရမ်ကရီဒါ အားကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးဆေးရုံသို့ပို့ဆောင်ထားပြီး ယင်းဆေးရုံ၌ ဆရာဝန်များ နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း များက ၁၀ ရက်ကြာ သင့်တော်သော ဆေးဝါးများဖြင့် ကုသပေးခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူသွားအောင် ဆေးဝါးများဖြင့် ကုသပေးခဲ့သည့် ဆေးရုံရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးအပေါ် အလွန်ပင် ကျေးဇူးတင်ရှိပါ ကြောင်း ချွေးမဖြစ်သူက ပြောကြားသည်။ လက်ရှိအချိန်အထိ မဟာရာ့ရှ်ထရာ ပြည်နယ် ကာလီယံ-ဒွမ်ဘစ်ဗ်လီ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးဝါး ကုသမှုခံယူလျက်ရှိသူ ၅၄၅၁ ဦး ရှိသည်။

သို့သော် ကာလီယံ-ဒွမ်ဘစ်ဗ်လီ ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော လူနာများအနက် ၃၂၀၈၈ ဦးသည် ရောဂါကင်းစင်သွားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ ၂၄ နာရီ အတွင်း ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ ၉၂၆၀၅ ဦး တွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၅၄၀၀၆၁၉ ဦးရှိလာသည်။

ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၁၁၃၃ ဦး ထပ်မံသေဆုံး ခဲ့ရာ အိန္ဒိယ၌ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၈၆၇၅၂ ဦးရှိလာ ကြောင်း သိရသည်။ ကိုးကား – ပီတီအိုင်၊ ဘာသာပြန် – ဂျေတီ

Add a Comment

Your email address will not be published. Required fields are marked *