ကိုဗစ်ကာလအတွင်းမှာ အများနဲ့မတူ တမူထူးခြားတဲ့ပုံစံဖြင့် မင်္ဂလာပွဲကို ဆင်နွှဲခဲ့တဲ့ ဇနီးမောင်နှံ
|ကိုဗစ်ကာလအတွင်းမှာ အများနဲ့မတူ တမူထူးခြားတဲ့ပုံစံဖြင့် မင်္ဂလာပွဲကို ဆင်နွှဲခဲ့တဲ့ ဇနီးမောင်နှံ
အင်္ဂလန်နိုင်ငံက ချစ်သူစုံတွဲဖြစ်တဲ့ Romanee နဲ့ Sam တို့ ဟာ သူတို့ရဲ့ မင်္ဂလာပွဲကို ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်းမှာကျင်းပပြုလုပ် သွားခဲ့ပါတယ်။ ဗိုင်းရပ်စ် အခြေအနေကြောင့် ပွဲလမ်းသဘင် အခမ်းအနားအားလုံးကို ရွှေ့ဆိုင်းခဲ့ရပြီး lockdown ချမှတ်မှုတွေကို ပယ်ဖျက်ပြီးနောက်မှာ တချို့ အခမ်းအနားတွေကို ပုံမှန်အတိုင်း ကျင်းပနေပေမယ့် လူဦးရေကိုတော့ အကန့်အသတ်နဲ့ သာကျင်းပခွင့် ပေးထားခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်မှာတော့ မင်္ဂလာပွဲတစ်ခုကို လူပေါင်း ၃၀ သာ ပါဝင်ခွင့်ရမယ်လို့ စည်းကမ်း သတ်မှတ်ထားခဲ့လို့ သူတို့နှစ်ဦးဟာ တမူထူးခြားတဲ့ အစီအစဉ်တွေနဲ့ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ မူလကသူတို့ရဲ့ မင်္ဂလာပွဲကို လူပေါင်း ၁၀၀ အထိ တက်ရောက်ဖို့အတွက် စီစဉ်ထားခဲ့ပြီး ဇူလိုင်လ အတွင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် သြဂုတ် ၁၄ ရက်နေ့ကို ပြောင်းလဲသတ်မှတ်ခဲ့တာပါ။
လူပေါင်း ၃၀ သာ ခွင့်ပြုထားပေမယ့် သူတို့ကတော့ လူပေါင်း ၅၀ အထိ ပါဝင်ဆင်နွှဲလို့ရအောင် စီစဉ်ခဲ့ပြီး ဒီအတွက် ဘယ်လိုစည်းမျဉ်း ဥပဒေကိုမှ ချိုးဖောက်ခဲ့ခြင်း မရှိပါဘူး။ သူတို့ဘယ်လို စီစဉ်ခဲ့သလဲဆိုရင်တော့ ပေါင် ၂၀၀၀ အထိ အကုန်အကျခံကာ သူတို့အခမ်းအနားကို တက်ရောက်မယ့် မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ပုံတူကားချပ်တွေ ဖန်တီးခဲ့ပြီး မင်္ဂလာဆောင် အခမ်းအနားမှာ နေရာချထားခဲ့တာပဲ ဖြစ်ပါတယ်။
အမှန်တကယ် အားဖြင့်တော့ စုစုပေါင်းမှ လူ ၁၄ ဦးတည်းသာ ရှိခဲ့တာဖြစ်ပြီး ပုံတူကားချပ်တွေနဲ့ အစားထိုးဖြည့်ဆည်းခဲ့ကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုတွေကို ပီပီပြင်ပြင်နဲ့ ဖန်တီး ထားနိုင်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကာလအတွင်းမှာ ထူးခြားဆန်းပြားတဲ့ ပုံစံကို တီထွင်ကာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
” ဖိတ်ကြားမယ့် ဧည့်သည်က ဦးရေ ၁၀၀ လောက်ရှိပါတယ်၊ ဒါပေမယ့်လည်း ဗိုင်းရပ်စ်ကြောင့် အစီအစဉ်တွေ ပြောင်းလဲခဲ့ရပြီး ပြောင်းလွယ်ပြင်လွယ်တဲ့ နေရာကို ရှာဖွေခဲ့ရပါတယ်၊ သတို့သမီးအရံဘက်က တစ်ဦးက မလာနိုင်ဘူးဆိုတော့ သူ့ကို ပုံတူကားချပ်နဲ့အ စားထိုးမယ်လို့ ဟာသလုပ်ပြောဆိုခဲ့ပြီး အဲဒီနောက် ဧည့်သည်တွေအတွက် ဘာလို့မလုပ်မိတာလဲ စဉ်းစားခဲ့မိတာပါ”
” ဖိတ်ကြားမယ့် ဧည့်သည်အားလုံးရဲ့ပုံတွေကို တောင်းယူခဲ့ပြီးနောက်မှာ အခုလို စီစဉ်ခဲ့တာပါ၊ သူတို့အားလုံးဒီမှာရှိဖို့ အကုန်အကျခံပြီးတော့ ဖန်တီးခဲ့တာပါ၊ သောက်စားပျော်ပါးမယ့် စရိတ်တွေကိုအဲဒီနေရာမှာ သုံးလိုက်တာပေါ့” သတို့သမီးဖြစ်သူ Romanee က ပြောပြခဲ့ပါတယ်။ သူတို့ရဲ့ ဒီမင်္ဂလာပွဲ စီစဉ်မှုနဲ့ ပတ်သက်ပြီးတော့ ချီးကျူးပြောဆိုမှုတွေလည်း ခံနေရပြီး ဉာဏ်ကြီးရှင်တွေ လို့တောင်မှ တင်စားခံနေရပါတယ်။Source ; therivernews