ကျောက်ခေတ်လူသား မျိုးဗီဇပါသူများတွင် ကိုဗစ်ရောဂါဒဏ်ကို ပိုမိုပြင်းထန်စွာခံစားရဟု သိပ္ပံပညာရှင်များ ပြောကြား

ကျောက်ခေတ်လူသား မျိုးဗီဇပါသူများ ကိုဗစ် ရောဂါဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရဟု သိပ္ပံပညာရှင်များ ပြောကြား

နိုဗယ်ကိုရိုနာ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ဆေးဝါးသိပ္ပံ ပညာရှင်တွေက စမ်းသပ် ကုသမှုတွေနဲ့ ကာကွယ်ဆေးတွေကို လုပ်ဆောင်နေရင်းမှာ မထင်မှတ်ဘဲ ကမ္ဘာဦး ကျောက်ခတ်လူသား မျိုးဗီဇပါသူတွေဟာ အခြားသူတွေထက် COVID-19 ရောဂါဒဏ်ကို ပိုမိုဆိုးဝါးစွာ ခံစားရတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆိုပါ သုတေသနကို ဆေးရုံတက်ရောက် ကုသမှုခံနေတဲ့ COVID -19 လူနာ (၃,၂၀၀) နဲ့ အခြား ကျပန်းရွေးချယ်ထားတဲ့ လူပေါင်း (၉၀၀,၀၀၀) နီးပါးတို့ကို နှိုင်းယှဉ်စစ်ဆေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ခဲ့ရာမှာတော့ ယနေ့အချိန်မှာ မျိုးတုံး ကွယ်ပျောက်သွားပြီဖြစ်တဲ့ နီယန်ဒယ်လ်သော (Neanderthals) လို့ ခေါ်တဲ့ ဥရောပကျောက်ခေတ်လူသား မျိုးဗီဇ ပါသူတွေဟာ အခြားသူတွေထက် COVID-19 ဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀,၀၀၀) နီးပါးက ရှင်သန်ကျက်စားနေထိုင်ခဲ့တဲ့ နီယန်ဒယ်လ်သောတွေဆီက အမွေရထားတဲ့ ဗီဇဆောင်မျှင် ၃ (Chromosome 3) မျိုးဗီဇအစု ပါဝင်တဲ့ ယနေ့ခေတ်လူသားတွေဟာ COVID-19 ကူးစက်ခံရပါက (ယင်းဗီဇမပါဝင်သူတွေထက်) ဆေးရုံတက်ရောက်ကုသခံရမှသာ အသက်ရှင်ဖို့ အခွင့်အလမ်း ၆၆ ရာခိုင်နှုန်းတောင် ပိုမို အလေးသာနေကြောင်း သိရပါတယ်။

ရှင်းရှင်းပြောရမယ်ဆိုရင် ကမ္ဘာဦးလူသားဗီဇပါသူတွေဟာ ဆေးရုံတက်ပြီး အသက်ရှုစက်အကူအညီနဲ့ ကုသခံရဖို့ လိုအပ်နိုင်ခြေ များစွာရှိနေတာပဲ ဖြစ်ကြောင်း Max Planck Institute မှ မနုဿဗေဒဆိုင်ရာ ဇီဝဆင့်ကဲဖြစ်စဉ်ကို လေ့လာနေတဲ့ Hugo Zeberg (အဆိုပါစာတမ်းကို တွဲဖက်ရေးသားခဲ့သူ) က ဆိုပါတယ်။

အဆိုပါ တွေ့ရှိချက်မှာ အာဖရိကနဲ့ အရှေ့အာရှလိုမျိုး နီယန်ဒယ်လ်သောဗီဇ ပါဝင်မှု မရှိသလောက်ရှားတဲ့နိုင်ငံတွေအတွက် သိပ်အရေးမပါပေမယ့် တောင်အာရှလိုမျိုး နီယန်ဒယ်လ်သောဗီဇပါဝင်သူ ၃၀ ရာခိုင်နှုန်း ဝန်းကျင်ရှိနေတဲ့ နိုင်ငံတွေအတွက်တော့ COVID-19 လူနာကုသရေးမှာ အရှိုက်ထိုးသကဲ့သို့ ခံစားရစေပါတယ်။

ဒီလိုမျိုးဗီဇ တစ်ခုတည်းကပဲ ဘာကြောင့် ရောဂါပိုးဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်ခြေရှိသလဲဆိုတာကို လေ့လာသူတွေက အသေးစိတ် မရှင်းပြနိုင်ခဲ့ပေမယ့် “လက်ရှိ ကပ်ရောဂါကူးစက်မှုဒဏ်ကို ခံစားနေရတဲ့ လူနာတွေကို ထောက်ရှုပြီး ပြောရမယ်ဆိုရင် နီယန်ဒယ်လ်သောဗီဇပါဝင်သူတွေက ပိုပြင်းထန်တဲ့ အကျိုးဆက်တွေခံစားရတာ သက်သေပါပဲ” လို့ စာတမ်းရေးသားသူတွေက ဆိုထားပါတယ်။ Ref: Reuters

Add a Comment

Your email address will not be published. Required fields are marked *